
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၉ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတချို့က အာရက္ခတပ်တော် AA ဆီကို သတင်းပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေ၊ ဒေသခံတွေဆီကသိရပါတယ်။
ရခိုင်ပြည်နယ် ဂွနဲ့ အမ်းမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်လာပြီး ရေကြည်မြို့နယ်၊ မြောက်စမ်းရွာမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၉ ယောက်ကို ဂွ-ငါးသိုင်းချောင်းလမ်းအနီးမှာ အခြေစိုက်ထားတဲ့ အမတ ၃၄၄ အမြောက်တပ်နဲ့ ရဲတချို့က ဇန်နဝါရီ ၂၂ ရက်မှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတာမှန်တယ်။ စစ်ကားတွေနဲ့ ဖမ်းခေါ်သွားတာ။ မသင်္ကာလို့ဆိုပြီး ဖမ်းတာ။ AA သတင်းပေးတွေဆိုပြီးဖမ်းတာပါ။ အဖမ်းခံရတဲ့သူတွေက ဂွနဲ့ အမ်းဘက်က ထွက်ပြေးလာသူတွေလို့သိရတယ်။ ဘယ်မှာဖမ်းထားတယ်ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။
အဖမ်းခံရသူ စစ်ဘေးရှောင်တွေဟာ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပြီး အမ်းမြို့နယ်က စစ်ရှောင် ၄ ယောက်နဲ့ ဂွမြို့ကစစ်ရှောင် ၅ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၈ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငရုတ်ကောင်းမြို့နားမှာ ရခိုင်ပြည်နယ်ကနေထွက်ပြေးလာတဲ့ စစ်ဘေးရှောင် အယောက် ၂၀ ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ကျုံပျော်မြို့နယ်မှာ ရခိုင်ပြည်နယ်ကတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကိုလက်ခံထားတဲ့ ဒေသခံတွေနဲ့ စစ်ရှောင် အယောက် ၁၀၀ နီးပါးကို ဧည့်စာရင်း အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။