ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က တပ်မိသားစုတွေကို ပုသိမ်ဘက်ပြောင်းပေးနေပြီး အရပ်သားတွေကိုတော့ လုံးဝ မပြောင်းရွှေ့ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အမိန့်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက အမှတ် ၃၄၄ အမြောက်တပ် အမတ-၃၄၄ က တပ်မိသားစုဝင်တွေကို ပုသိမ်မြို့ကို ရွှေ့ပြောင်းနေပြီး ဒေသခံတွေကိုတော့ နေရပ်က ထွက်ခွာမသွားဖို့၊ ဗုံးခိုကျင်းမတူးဖို့နဲ့ မလိုက်နာပါက နေအိမ်ကို ချိပ်ပိတ်မယ်လို့ တိုင်းမှူးအမိန့်ဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက လိုက်လံသတိပေးနေတာလို့ ဆိုပါတယ်။
ရေကြည်ဒေသခံတယောက်က “အရပ်သားတော့ သေပါစေပေါ့၊ သူတို့တော့ အလွတ်ရှောင်တာ။ တိုင်းမှူးအမိန့်ဆိုပြီး လာပြောတာ။ ကတုတ်ကျင်းမတူးဖို့အထိပါ ပြောတာ။ မလိုက်နာလို့ရှိရင် အရေးယူမယ်လို့ ပြောသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီ အမြောက် ၃၄၄ တပ်က ရေကြည်မြို့နယ် စမ်းကျေးရွာမှာတည်ရှိပြီး တပ်ဝန်းကျင်ရှိ တောင်စမ်း၊ ကျောက်ချောင်း၊ ကွင်းချောင်း၊ ဖန်ခါးပြင်ရွာ စတဲ့ကျေးရွာတွေ အပါအဝင် ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ရွာပေါင်း ၂၀ နီးပါးကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ပြောဆို သတိပေးနေတာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်တပ်က ဒီဘက်မှာ စစ်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေ အကြောက်တလန့် ဖြစ်နေတာကို ထိန်းချုပ်တာ။ PDF တွေက အွန်လိုင်းပေါ်ကနေ စစ်ရေးနဲ့ပတ်သက်ပြီး ကြေညာတာတွေ၊ ပြည်သူတွေ စစ်ဘေးသတိရှိဖို့နဲ့ ဗုံးခိုကျင်းတူးဖို့ သတိပေးတာ တွေ့ရတယ်။ ဒါကို စစ်တပ်က လိုက်တားနေတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၉ ရက်မှာ သိမ်းယူပြီးနောက် စစ်ကောင်စီက ဧရာဝတီတိုင်းဘက်က ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရွှေသောင်ယံ မြို့နယ် စတဲ့ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေမှာ တိုက်ပွဲစတင်ဖြစ်ပွားလာသလို စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ရေကြည်မြို့နယ် အမတ ၃၄၄ အမြောက်တပ်ထဲမှာ လေယာဉ်ကွင်းတခု အရေးပေါ် ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။