
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရခိုင်ပင်လယ်ပြင်ကို တရားမဝင် ဝင်ရောက်လာတဲ့ ကုန်တင်သင်္ဘော ၃ စီးထဲက ကျန်ရှိနေတဲ့ ကုန်သင်္ဘောတစီးကို ဖေဖော်ဝါရီ ၁ ရက်မှာ အာရက္ခတပ်တော် (AA) က စစ်ဆေးပြီးတဲ့နောက် ထွက်ခွာခွင့်ပြုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဆိပ်ကမ်းကို ငါးခြောက်အိတ် ၅၀,၀၀၀ နဲ့ ဂေါ်ဖီထုပ် အပါအဝင် ကုန်ပစ္စည်းမျိုးစုံ တရားမဝင် တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘော ၃ စီးကို AA က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
စစ်ဆေးပြီးနောက် ဇန်နဝါရီ ၂၀ ရက်မှာ သင်္ဘော ၂ စီးကို ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းမှာ နောက်ဆုံးကျန်ရှိတဲ့ ကုန်သင်္ဘောကို ထွက်ခွာခွင့်ပြုလိုက်တယ်လို့ တက္ကနက် ဆိပ်ကမ်းတာဝန်ခံတွေက ပြောပါတယ်။
တက္ကနက်ဆိပ်ကမ်းရဲ့ မန်နေဂျာ ဆာရတ်မိုဟာမက် အန်ဝါဟူစိန်က “၁၆ ရက်အကြာမှာ အာရက္ခတပ်တော်က နောက်ဆုံးကုန်သင်္ဘောတစီးကို ထွက်ခွာခွင့်ပြုလိုက်ပါပြီ။ အခု ဆိပ်ခံတံတားမှာ လုပ်ထုံးလုပ်နည်းတွေ ပြီးသွားရင်တော့ ကုန်ပစ္စည်းတွေ ပြန်တင်မှာပါ” လို့ ပြောပါတယ်။
အရင်ကုန်တင်သင်္ဘော ၂ စီးကလည်း သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်မှာ ကုန်ချပြီး နောက် ရန်ကုန်ကို ပြန်လည်ရောက်ရှိသွားပြီလို့ တက္ကနက် ဆိပ်ကမ်းတာဝန်ရှိသူက ပြောပါတယ်။
ကေခိုင်