
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့က ကားသမားတွေနဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို ရခိုင်ပြည်နယ်ဘက် ခရီးသည်၊ ရိက္ခာ၊ ဆေးဝါးနဲ့ကုန်ပစ္စည်းတွေ မပို့ဖို့ ရဲတွေက ခေါ်ယူတားမြစ်ခဲ့ပြီး ငွေဆောင်ကမ်းခြေက ဒေသခံ ၆ ယောက်ကိုလည်း AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးသွားပါတယ်။
ငါးသိုင်းချောင်း မြို့မရဲစခန်းမှူး တင်လင်းထွဋ်က ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ ကားသမားတွေကို ဇန်နဝါရီ ၂၉ ရက်နဲ့ ၃၀ ရက်က ခေါ်ယူပြီး ရဲစခန်းရဲ့မှာကြားချက်ကို သိရှိနားလည် သဘောပေါက်လိုက်ပါမယ်ဆို တဲ့ ခံဝန်မှာ လက်မှတ်ရေးထိုးခိုင်းတာလို့ ဆိုပါတယ်။
ကယ်ရီသမားတယောက်က “ရခိုင်ပြည်နယ်ဘက်ကို ခရီးသည်နဲ့ ရိက္ခာပစ္စည်းတွေ ပို့ဆောင်တာ မပြုလုပ်ဖို့၊ ကုန်ပစ္စည်းသယ်ဖို့ဖြစ်စေ၊ လူသွားဖို့ဖြစ်စေ လာရောက်ငှားရမ်းသူရှိရင် ရဲစခန်းကို ချက်ချင်း သတင်းပို့ရမယ်လို့ မြို့မစခန်းမှူးတင်လင်းထွဋ်ကပြောတာ။ ပြောပြီးတော့ တခါတည်း ခံဝန်လက်မှတ်ထိုးခိုင်းတာ” လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်ဟာ ငါးသိုင်းချောင်း- ဂွ လမ်းပိုင်းကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး တချို့ ဆိုင်ကယ်ကယ်ရီသမားတွေက တောလမ်းတွေဘက်ကနေ ကယ်ရီဆွဲတာတွေလုပ်နေတာကို စစ်ကောင်စီတပ်က တွေ့ရှိတာကြောင့် အခုလိုဖိအားပေးလာတာလို့ ဆိုပါတယ်။
ကားသမားတယောက်က “ရဲစခန်းကိုဆင့်ခေါ်ပြီးတော့ကို လက်မှတ်ထိုးခိုင်းတာ။ ထိုးပေးရတာပေါ့ဗျာ။ ရခိုင်ပြည်ဘက်ကို ဆေးဝါးရိက္ခာ၊ ခရီးသည်၊ ကုန်ပစ္စည်း ဘာဆိုဘာမှမပို့ဖို့။ ပို့လို့ ပြန်သိရင် အရေးယူခံရမယ်။ ရခိုင်ဘက်ကိုပို့ဖို့ လာငှားတဲ့သူရှိရင်လည်း ရဲစခန်းကို အကြောင်းကြားရမယ် ဆိုတာပြောတယ်။ သူတို့ ညွှန်ကြားချက်တွေကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အခုလို ကားသမားတွေနဲ့ ကယ်ရီသမားတွေကို တားမြစ်လက်မှတ်ထိုးခိုင်းတာဟာ ရခိုင်ပြည်နယ်ဘက်ကို ကုန်စည်ဖြတ်တောက်ဖို့လုပ်တာဖြစ်ပြီး ဒီလုပ်ဆောင်ချက်ဟာ စစ်ရေးအတွက် အလုပ်မဖြစ်ဘဲ အရပ်သားတွေအပေါ်ကိုပဲ ထိခိုက်တယ်လို့ ဒေသခံတွေနဲ့ ကုန်စည်သယ်ယူရေး လုပ်ငန်း လုပ်ဆောင်နေသူတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရခိုင်ဘက်ကုန်စည် သယ်ယူပို့ဆောင်နေတဲ့ ကား ၂ စီးကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေက အရပ်သား ၆ ယောက်ကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က အာရက္ခတပ်တော် AA နဲ့ဆက်နွှယ်နေတယ်လို့ စွပ်စွဲပြီးဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၈ ရက်ကနေ ၃၁ ရက်အတွင်း ငွေဆောင်ကမ်းခြေက အရပ်သားဒေသခံ အမျိုးသား ၆ ယောက်ကို စစ်ကောင်စီတပ်နဲ့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သိန်းနိုင်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “AA နဲ့ ပတ်သက်တယ်လို့ဆိုပြီး စွပ်စွဲဖမ်းတာ။ အုပ်ကြီး သိန်းနိုင်က တပ်ကို ခေါ်လာပြီးလာဖမ်းသွားတာ။ ၂၈ ရက်နေ့က ၃ ယောက်၊ ၃၀ ရက်က ၂ ယောက်နဲ့ မနေ့ ၃၁ ရက်နေ့က ၁ ယောက်ပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က အဖမ်းခံရသူတွေရဲ့လက်ကိုင်ဖုန်းတွေပါ သိမ်းယူသွားပြီး အဖမ်းခံရသူတွေနဲ့ မိသားစုတွေ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့အထိ အဆက်အသွယ်မရဖြစ်နေတယ် လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်ကလည်း သူတို့ကို ဘယ်ကို ဖမ်းသွားတယ်ဆိုတာမသိရဘဲ AA ရဲ့ သတင်းပေးဆိုပြီး ဖမ်းသွားတာလို့ ပြောပါတယ်။
အဖမ်းခံရတဲ့ အရပ်သား ၆ ယောက်ဟာ အသက် ၃၀ ကျော်အရွယ် ကိုသိန်းထွန်းဦးဆိုသူနဲ့ အသက် ၂၀ ကျော် အရွယ်လူငယ်တွေဖြစ်ပြီး ဈေးရောင်းတာနဲ့ ရေလုပ်ငန်းလုပ်နေတဲ့ ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမအပတ်ကစတင်ပြီး ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတို့မှာ ဧည့်စာရင်းစစ်ပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။