Home
မြန်မာသတင်း
AA ထိန်းချုပ်ထားသည့် မြို့များတွင် ဒေသဖွံ့ဖြိုးရေး စတင်လုပ်ဆောင်
DVB
·
January 30, 2025

ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စတင် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို AA ကသိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေမှာ လမ်းတံတားဖောက်လုပ်တာတွေ၊ ဆေးရုံ ဆေးခန်း ဖွင့်လှစ်တာတွေ၊ စျေးတွေဖွင့်လှစ်တာတွေ၊ မြို့တွင်းလုံခြုံရေး လှည့်လည်တာတွေ၊ ယာဥ်စည်းကမ်း စနစ်တကျလုပ်ဆောင်တာတွေနဲ့ အုပ်ချုပ်ရေး၊ တရားရေးတွေကို ဖော်ဆောင်မှုတွေကို ပြုလုပ်လာနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးဒေသခံ အမျိုးသားတယောက်က “အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေအပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေဖြစ်တဲ့ လမ်း တံတား တည်ဆောက်မှုတွေ၊ ဆေးရုံ၊ ဆေးခန်း လည်ပတ်မှုတွေ၊ စျေးတွေကို စနစ်တကျ ဖွင့်လှစ်တာတွေနဲ့ ရပ်ရွာလုံခြုံရေးတွေကို အလေးထား လုပ်ဆောင်လာတာတွေကို အရင်ကထက် တွေ့လာရတယ်။ အထူးသဖြင့် အခွန်ကရရှိတဲ့ ငွေကြေးတွေကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုလာတာကို တွေ့လာရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လမ်းစည်းကမ်း၊ ယာဥ်စည်းကမ်းတွေကိုလည်း တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာနေပြီး မလိုက်နာတဲ့သူတွေကို အပြစ်ပေးစနစ်တွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်က သူတို့သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ ပျက်စီးနေတဲ့ လမ်း၊ တံတားတွေကို အဓိကလုပ်ကိုင်နေပြီး အုပ်ချုပ်ရေးပိုင်းမှာလည်း လူမျိုးပေါင်းစုံပါဝင်တဲ့ အုပ်ချုပ်ရေးကို အကောင်အထည် ဖော်လာတယ်လို့ ပြောကြပါတယ်။

မောင်တောမြို့ခံ မွတ်ဆလင်အမျိုးသားတယောက်က “ကျနော်တို့မြို့နယ်မှာတော့ စစ်ကောင်စီ ဖောက်ခွဲခဲ့တဲ့ တံတတားတချို့ကို AA က ပြန်ပြီး တည်ဆောက်ပေးနေတာတွေ ရှိတယ်။ အုပ်ချုပ်ရေးပိုင်းတွေမှာ ဆိုရင်လည်း လူမျိုးပေါင်းစုံ ပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်ကို AA က တည်ဆောက်နေတာဖြစ်တယ်။ မွတ်ဆလင်တွေကိုလည်း အုပ်ချုပ်ရေးအပိုင်းတွေမှာ ထည့်သွင်းပြီး တရားစီရင်ရေးတွေမှာပါ ပါဝင်ခွင့်ပြုထားတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ မွတ်ဆလင်တွေကို လွတ်လပ်စွာ သွားလာခွင့်နဲ့ စီးပွားရေးလုပ်ကိုင်ခွင့်တွေ ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်နိုင်တော့တာဖြစ်ပြီး အဲဒီမြို့နယ် ၃ ခုလုံးကို အာရက္ခတပ်တော်က စစ်ရေးအရ ဖိအားပေးထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013