
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့က ကားသမားတွေနဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို ရခိုင်ပြည်နယ်ဘက် ခရီးသည်၊ ရိက္ခာ၊ ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ခြင်းမလုပ်ဖို့ စစ်ကောင်စီတပ်နဲ့ ရဲတွေက ခေါ်ယူတားမြစ် ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက်နဲ့ ၃၀ ရက်က ငါးသိုင်းချောင်းမြို့၊ မြို့မရဲစခန်းက စခန်းမှူး တင်လင်းထွဋ်က ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ ကားသမားတွေကို ခေါ်ယူပြီး ရဲစခန်းရဲ့ မှာကြားချက်ကို သိရှိနားလည် သဘောပေါက် လိုက်နာပါမယ်ဆိုတဲ့ ခံဝန်မှာ လက်မှတ်ရေးထိုးခိုင်းတာလို့ ဆိုပါတယ်။
ကယ်ရီသမားတယောက်က “ရခိုင်ပြည်နယ်ဘက်ကို ခရီးသည်နဲ့ ရိက္ခာပစ္စည်းတွေ ပို့ဆောင်တာ မပြုလုပ်ဖို့ ကုန်ပစ္စည်း သယ်ဖို့ဖြစ်စေ၊ လူသွားဖို့ဖြစ်စေ လာရောက်ငှားရမ်းသူရှိရင် ရဲစခန်းကို ချက်ချင်း သတင်းပို့ရမယ်လို့ မြို့မစခန်းမှူး တင်လင်းထွဋ်က ပြောတာ။ ပြောပြီးတော့ တခါတည်း ခံဝန်လက်မှတ်ထိုးခိုင်းတာ” လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်က ငါးသိုင်းချောင်း-ဂွ လမ်းပိုင်းကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး တချို့ ဆိုင်ကယ် ကယ်ရီသမားတွေက တောလမ်းတွေဘက်ကနေ ကယ်ရီဆွဲတာတွေ လုပ်နေတာကို စစ်ကောင်စီတပ်က တွေ့ရှိတာကြောင့် အခုလို ဖိအားပေး လုပ်လာတာလို့ ဆိုပါတယ်။
ကားသမားတယောက်က “ရဲစခန်းကို ဆင့်ခေါ်ပြီးတော့ကို လက်မှတ်ထိုးခိုင်းတာ။ ထိုးပေးရတာပေါ့ဗျာ။ ရခိုင်ပြည်ဘက်ကို ဆေးဝါးရိက္ခာ၊ ခရီးသည်၊ ကုန်ပစ္စည်း ဘာဆိုဘာမှ မပို့ဖို့။ ပို့လို့ ပြန်သိရင် အရေးယူခံရမယ်။ ရခိုင်ဘက်ကိုပို့ဖို့ လာငှားတဲ့သူရှိရင်လည်း ရဲစခန်းကို အကြောင်းကြားရမယ် ဆိုတာ ပြောတယ်။ သူတို့ ညွှန်ကြားချက်တွေကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အခုလို ကားသမားတွေနဲ့ ကယ်ရီသမားတွေကို ဆင့်ခေါ်ပြီး တားမြစ် လက်မှတ်ထိုးခိုင်းတာဟာ ရခိုင်ပြည်နယ်ဘက် ကုန်စည်ဖြတ်တောက်ဖို့ လုပ်တာဖြစ်ပြီး ဒီလုပ်ဆောင်ချက်ဟာ စစ်ရေးအတွက် အလုပ်မဖြစ်ဘဲ အရပ်သားတွေအပေါ်သာ ထိခိုက်တယ်လို့ ဒေသခံတွေနဲ့ ကုန်စည်သယ်ယူရေးလုပ်ငန်း လုပ်ဆောင်နေသူတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရခိုင်ဘက် ကုန်စည် သယ်ယူပို့ဆောင်နေတဲ့ ကုန်ကား ၂ စီးကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။