Home
မြန်မာသတင်း
ရန်ကုန်-ဧရာဝတီ ခရီးသည်များထဲမှ ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်သူများကို ဖမ်းဆီးနေ
DVB
·
January 19, 2025
checking the bikes

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို ကူးသန်းသွားလာနေတဲ့ ခရီးသည်တွေထဲ ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူ အမျိုးသားတွေ ဖမ်းဆီးခံနေရတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။

ရန်ကုန်ကနေ ဧရာဝတီတိုင်းကို သွားလာနေတဲ့ ခရီးသည်တင်မော်တော်ယာဉ်တွေမှာ လိုက်ပါလာသူတွေကို မှတ်ပုံတင်စစ်ဆေးတာ တင်းကျပ်ထားပြီး ခရီးသည်တွေထဲမှာ ၁၁ မျဉ်းစောင်း (ရခိုင်ပြည်နယ်မှတ်ပုံတင်) ကိုင်ဆောင်ထားတဲ့ လူငယ် ဒါမှမဟုတ် လူလတ်ပိုင်းတွေကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက ဖမ်းဆီးခေါ်ဆောင်နေတာတွေ ရှိနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ဟင်္သာတမြို့ကို သွားခဲ့သူတယောက်က “လမ်းမှာ တောက်လျှောက်မှတ်ပုံတင်ပြရတယ်။ ဂိတ်ကတော့ သုံးလေးခုဖြတ်ရတယ်။ ဂိတ်အသေးတွေကတော့ သိပ်မစစ်ဘူး။ အဓိက မြို့ဝင်မြို့ထွက်ဂိတ်တွေက ၁၁ မျဉ်းစောင်းကိုင်ထားတဲ့သူ ပါတာနဲ့ သူတို့ဂိတ်တွေမှာခေါ်ထားတာ။ ရန်ကုန်ဘက်ကိုသွားတဲ့ ရန်ကုန်-ပုသိမ်လမ်းမှာ X-RAY ဂိတ်လည်းထားထားတယ်။ ခရီးသွားရတာ တော်တော်စိတ်ညစ်ဖို့ ကောင်းတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်ခြားစစ်ဆေးရေးဂိတ်ဖြစ်တဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလအစမှာ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရန်ကုန်နဲ့ ဧရာဝတီကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေနဲ့ မြို့အဝင်အထွက်တွေမှာ စစ်ကောင်စီက ဂိတ်တွေကို တိုးမြှင့်ချထားတာဖြစ်ပြီး ယခင်ကထက် အစစ်အဆေး တင်းကျပ်နေတာလို့ မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။

ကံထူးအောင်မော်တော်ယာဉ်လိုင်းက ယာဉ်မောင်းတယောက်က “အခုက အရင်ကထက် ဂိတ်တွေ ပိုများလာတယ်။ ဂိတ်သေးတွေကတော့ စာရင်းစာရွက်လောက် ပေးပြီးသွားလို့ရတယ်။ ဂိတ်ကြီးတွေကမရဘူး။ အကုန်စစ်တာ။ ရန်ကုန်အဝင် ထန်းတပင်ဂိတ်နဲ့ ဧရာဝတီဘက်က ပန်တိုင်ဂိတ်ဆိုရင် အစစ်အဆေးကြမ်းတယ်။ ၁၁ မျဉ်းစောင်း ကိုင်ထားတာတွေ့တာနဲ့ ရစ်တော့တာပဲ” လို့ ပြောပါတယ်။

ရန်ကုန်-ဧရာဝတီတိုင်းအတွင်း ခရီးသွားနေတဲ့ ရခိုင်ပြည်သူတွေအနေနဲ့ ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်ကြောင့် အခက်တွေ့နေကြသလို ရန်ကုန်ကနေ အခြားဒေသတွေကိုသွားမယ့် ရခိုင်ပြည်သူတွေအနေနဲ့လည်း စိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်နေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013