ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တွေမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကစလို့ ညတိုင်းလိုလို ဧည့်စာရင်းစစ်ဆေးခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်းနဲ့ထိစပ်ရပ်ကွက် ၄ ခုမှာတော့ ညတိုင်းဧည့်စာရင်းစစ်နေတဲ့အပြင် နေရပ်ရွှေ့ပြောင်းလာပြီး ဧည့်စာရင်းမတိုင်ထားသူတွေကို ရပ်ကွက်ရုံးတွေမှာ တည ထိပ်တုံးခတ်၊ ငွေဒဏ်ရိုက်နေတာ ဖြစ်ပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်မှာ ဇန်နဝါရီ ၁၇ ရက်ညပိုင်းက ဧည့်စာရင်းဝင်စစ်ခဲ့သလို ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားပြီး ဧည့်စာရင်းရက်လွန်နေတဲ့ အဆောင်နေ အမျိုးသမီး ၃ ယောက်ဟာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဆီမှာ ခံဝန်ထိုးခဲ့ရပါတယ်။
မြို့ခံတယောက်က “အဓိကစစ်တာက အဆောင်တို့ တိုက်ခန်းတွဲတို့ကိုပါ။ မနေ့ညက စစ်သားတွေ ရဲတွေ ပါတယ်။ နေရပ်ပြောင်း အမျိုးသမီး ၃ ဦးက မနက်ကျမှ ရုံးမှာခံဝန်ပုံစံထိုးပြီး ဒဏ်ငွေပေးလိုက်ရတယ် ကြားတယ်။ ဧည့်စာရင်းထပ်ပြီး ပေးလား၊ မပေးလားတော့ မသိဘူး”လို့ ပြောပါတယ်။
ရန်ကုန်၊ လှိုင်သာယာမြို့နယ်ထဲမှာတော့ ပြောင်းရွှေ့လာသူတွေဟာ အရင်နေရပ်က ရပ်ကွက်၊ ရဲစခန်း စတဲ့ အထောက်အထား မပါဘူးဆိုရင် ရပ်ကွက်ရုံးတွေက ဧည့်စာရင်းမပေးကြတော့ပါဘူး။
မြောက်ဥက္ကလာပမြို့နယ်၊ ရထားလမ်းတလျှောက်က ၂ ရပ်ကွက်၊ ကျောက်ရေတွင်း၊ ပုရွက်ဆိတ်ကုန်း၊ တံတားကြီး စတဲ့ ရပ်ကွက်တွေမှာတော့ ည ၉ နာရီဝန်းကျင်လောက်မှာပဲ ရပ်ကွက်ရုံးနဲ့ ဘေးတွဲသမားတွေ ပါဝင်တဲ့ လုံခြုံရေးအဖွဲ့က စစ်ကောင်စီအဖွဲ့နဲ့ ရဲကိုလမ်းပြလုပ်ပြီး ဧည့်စာရင်း စစ်ဆေးနေပါတယ်။
ရပ်ကွက်ရုံးနဲ့ နီးစပ်သူတယောက်က “ဧည့်စာရင်းတွေ မတိုင်ထားရင် တိုင်ထားစေချင်တယ်။ အခုဟာ သူတို့(စစ်ကောင်စီ)ဘက်က ဧည့်စာရင်းစစ်မယ်ဆို ကြိုမပြောတော့ဘူး။ ရုတ်တရက် ကားရပ်ပြီးတော့ကို စစ်တာ။ ဘေးတွဲရော၊ ရုံးကရော အကုန်ပါရတာပေါ့။ ရွေးကောက်ပွဲ ပြီးတဲ့အထိတော့ ဒီလို ဖြစ်ဦးမှာပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် ရပ်ကွက် ၄ ခုက ဆင်းရဲနွမ်းပါးသူတွေ နေထိုင်တဲ့ ကျူးကျော်တဲအိမ်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေ များလာတဲ့အတွက် ဖမ်းဆီး အရေးယူတာတွေ ပြုလုပ်နေသလို မြို့ပတ်ရထားသံလမ်းနဲ့ နီးကပ်နေတဲ့ အိမ်တွေကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။