ရန်ကုန်မြို့မှာ တိုက်ခန်းအငှားနဲ့အဝယ်လိုက်လာလို့ ကန်ထရိုက်တိုက် ဆောက်လုပ်တာတွေ ပြန်များလာတယ်လို့ အကျိုးဆောင်နဲ့ဆောက်လုပ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့ဆီ ရွှေ့ပြောင်းရောက်လာသူတွေများလာတာနဲ့အမျှ နေထိုင်ဖို့ တိုက်ခန်းလိုအပ်ချက်တွေရှိလာတာကြောင်း အငှားနဲ့အဝယ်စျေးကွက်များလာတာလို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်က တိုက်ခန်းအငှား၊ အရောင်းကိုယ်စားလှယ်တယောက်က “ရှိပြီးသား အခန်းတွေနဲ့က ဘယ်လိုမှမမျှဘူး။ အခုဆို တိုက်အသစ်တွေလည်း ထပ်တိုးဆောက်လာကြတယ်။ ဒီဘက်မှာဆို လမ်းတိုင်းနီးပါး ကန်ထရိုက်တိုက်အသစ်ဆောက်နေတာတွေရှိတယ်။ စျေးကွက်ကလည်း လိုအပ်ချက်များနေတော့ တိုက်မပြီးခင်ကကို ကြိုပွိုင့်နဲ့ ရောင်းပြီးတာတွေတောင်များလာတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ ကိုဗစ်ကပ်ရောဂါကာလကစလို့ စစ်တပ်အာဏာသိမ်းပြီးအချိန်အထိ ကန်ထရိုက်တိုက် ဆောက်လုပ်တာတွေပါးသွားခဲ့ပြီး ဒီနှစ်ပိုင်းထဲမှာတော့ ဆောက်လုပ်တာတွေ များလာတာလို့ ကန်ထရိုက်တချို့က ဆိုပါတယ်။
ရန်ကုန်မြို့က ဆောက်လုပ်ရေးကန်ထရိုက်တယောက်က “မြေရှင်တွေကလည်း လက်ရှိပေါက်စျေးအရ အကျိုးမယုတ်ဘူးဆိုပြီး ကန်ထရိုက်အပ်တာတွေပြန်ရှိလာတာ။ ဒေါ်လာစျေးက အမြင့်ဆုံးအနေအထားကနေ ပြန်ကျတာ အတော်အသင့်ရှိပြီဆိုတော့ ဆောက်လုပ်ရေးပစ္စည်းတွေ စျေးထပ်မတက်ခင် ဆောက်ဖို့အကောင်းဆုံး ဖြစ်နေတာကြောင့်လည်းပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့က တိုက်ခန်းရောင်းစျေးဟာလည်း အာဏာမသိမ်းခင်ကထက် နှစ်ဆနီးပါး ပေါက်စျေးရှိနေသလို ဝယ်လက်များနေတဲ့အခြေအနေရှိတယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။
အမှန်တကယ်နေထိုင်ဖို့ တိုက်ခန်းရှာဖွေဝယ်ယူသူတွေရှိသလို ဝယ်ရောင်းလုပ်ကိုင်သူတွေက စုဆောင်းဝယ်ယူတာတွေရှိနေတယ်လို့လည်း သူတို့က ဆိုပါတယ်။