ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်၊ ပုရွက်ဆိပ်ကုန်းဘူတာဝန်းကျင်က နေအိမ် ၁၅ လုံးထပ်မနည်း ဖျက်သိမ်းပေးဖို့ ဇန်နဝါရီ ၁၈ ရက်နေ့က မီးရထားဝန်ထမ်းတွေက လာရောက်ပြောဆိုခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖျက်သိမ်းပေးရမယ့် နောက်ဆုံးရက်ကို ၂၀၂၅ ခု ဖေဖော်ဝါရီ ၁ ရက်နေ့အဖြစ် သတ်မှတ်ပေးထားပြီး ရထားလမ်း ဧရိယာ ကိုက် ၆၀ ပြင်ပအထိ ပါဝင်နေပါတယ်။
ဒီအိမ်တွေထဲမှာ ၁၀ ပေပတ်လည် သွပ်မိုးပျဉ်ခင်း အိမ်ကနေ အုတ်တိုက်ခံ ၂ ထပ်အိမ်တွေအထိ ပါဝင်နေပြီး ပြောင်းရွှေ့ရက် ၁၀ ရက်ကျော်သာ ရရှိတာကြောင့် အယူခံတင်ဖို့ ရပ်ကွက်နေသူတွေ ပြုလုပ်နေကြပါတယ်။
ရပ်ကွက်နေသူတဦးက “အမက ၂၆ ကျောင်းခြံစည်းရိုးအစပ်အထိ ပါတယ်။ အိမ်ထောင်စု ၁၆ စုကျော်၊ လူက ၅၀ ကျော် ၆၀ လောက် ပါမယ်။ ဥက္ကဋ္ဌကလည်း ဘာမှ မတတ်နိုင်ဘူးလေ။ အခုစုပြီး စာတင်ဖို့ လုပ်နေကြတယ်” လို့ ပြောပါတယ်။
အဆိုပါအိမ်တွေဟာ အရပ်သားအစိုးရလက်ထက် ရွှေ့ပြောင်းစမတ်ကတ်တွေ ထုတ်ပေးချိန်ကတည်းက တည်ရှိနေတာဖြစ်ပေမဲ့ စစ်ကောင်စီ မီးရထားဝန်ကြီးဌာနရဲ့ မြို့ပတ်ရထားဘူတာ အသစ်စီမံကိန်းမှာ ပါဝင်နေတာကြောင့် ဖျက်သိမ်းပေးကြရတာ ဖြစ်ပါတယ်။
မီးရထားဝန်ထမ်းတဦးကတော့ ရထားကြောင့် အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် ပထမအကျော့အနေနဲ့ စီမံကိန်းဧရိယာကို အုတ်တံတိုင်းကာနေတာကြောင့် မလွတ်တဲ့နေရာတွေကို ဖျက်သိမ်းခိုင်းတာလို့ ပြောပါတယ်။
ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်အတွင်း တံတားကလေး၊ ကျောက်ရေတွင်း၊ ပုရွက်ဆိပ်ကုန်း၊ ဥက္ကလာပ စတဲ့ ရထားဘူတာ ၄ ဘူတာအထိ ရှိနေတာကြောင့် ရထားလမ်းနဲ့ နီးကပ်လွန်းနေတဲ့ ဧရိယာက နွမ်းပါးချို့တဲ့ လူနေအိမ်တွေပါ ဖျက်သိမ်းခံရနိုင်ခြေ ရှိနေပါတယ်။
ဓာတ်ပုံ - Ethan Htun