ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ကလေးသူခိုးလို့ဆိုပြီး ရပ်ကွက်နေသူတွေက အမျိုးသား ၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(တောင်)ရပ်ကွက်၊ ဓမ္မာရုံလမ်းမှာဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က နေအိမ်အောက်ဆော့ကစားနေတဲ့ အသက် ၄ နှစ်အရွယ်၊ ကောင်းဆက်လင်း(ခ) ဘုံဘုံ ပျောက်ဆုံးသွားတာကြောင့် ကလေးပျောက်ရှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ဂရုပ်မှာ မိသားစုတွေက အကူအညီတောင်းခံထားခဲ့ပါတယ်။
အဲဒီညနေမှာပဲ အသက် ၄၀ ကျော် အမျိုးသား ၁ ယောက်ကို ကလေးပျောက်ရှာဖွေပေးသူတွေက ဖမ်းဆီးလာခဲ့ပြီး ပျောက်ဆုံးရပ်ကွက်က မန္တလေးလမ်းနဲ့ ဦးဖိုးကျားလမ်းထောင့် ထီးတန်းဓမ္မာရုံမှာ ချုပ်နှောင်ပြီး မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “သူ့ကိုစစ်တော့ ကလေး လမ်းပျောက်နေလို့ လာပို့တာလို့ ပြောတယ်။ အမှန်အတိုင်းသိရဖို့တော့ စစ်နေပါတယ်။ ကလေးသူခိုးလို့တော့ တပ်အပ်ပြောလို့မရသေးပါဘူး။ ပျောက်သွားတဲ့ ကလေးတဦးတည်းကိုပဲ ပြန်တွေ့တာပါ။ အခြားကလေးတွေလည်း မတွေ့ပါဘူး” လို့ ပြောပါတယ်။
မိသားစုဝင်တယောက်ကတော့ CCTV မှတ်တမ်းတွေကနေ ပျောက်ဆုံးကလေးငယ်ကို ပန်းဘဲတန်းမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ ဂျန်းရှင်းစီးတီးအရှေ့မှာ အသက်ခပ်ကြီးကြီး အမျိုးသား ၁ ယောက်က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံအမျိုးသားဟာ ကလေးတွေကိုခိုးယူပြီး လမ်းဆုံနဲ့မီးပွိုင့်တွေမှာ ဆေးကျွေး တောင်ရမ်းခိုင်းတဲ့ သက်သေမျိုးတော့ ရဲတပ်ဖွဲ့က မရရှိသေးဘူးလို့ သိရပါတယ်။