Home
မြန်မာသတင်း
၇၆ ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို AA တပ်ဖွဲ့ဝင်များတက်ရောက်
DVB
·
January 31, 2025

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၊ မာနယ်ပလောဒေသမှာ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းကပြုလုပ်တဲ့ “၇၆” ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို အာရက္ခတပ်တော် (AA) ရဲ့ အရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ KNU တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အခမ်းအနားကို KNU ခေါင်းဆောင်တွေနဲ့အတူ အာရက္ခတပ်တော် (AA) ရဲ့ အရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ကရင့်တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်ခဲ့တဲ့ KNU အရာရှိငယ်တယောက်က “မာနယ်ပလောဒေသမှာ နှစ်ပေါင်း ၃၀ ကျော်ကြာမှာ ပထမဦးဆုံး ပြုလုပ်ခဲ့တာပါ။ အခုပြုလုပ်တဲ့ပွဲကို မဟာမိတ် ဧည့်သည်တော်အဖြစ် အာရက္ခတပ်တော် AA အရာရှိစစ်သည်တွေ တက်ရောက်ခဲ့တာဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

ကရင့်တော်လှန်ရေးပွဲကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ တက်ရောက်တာတွေ့ရလို့ အံ့သြပြီး အရမ်းလည်း ကျေနပ်အားရကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါင်းစည်းပြီး စစ်တပ်ကိုပြန်တိုက်မယ့် လက္ခဏာ မြင်ရတယ်လို့ ကရင့်တော်လှန်ရေးပွဲကို လာရောက်ကြည့်ရှုတဲ့ မာနယ်ပလောဒေသခံတယောက်က ဆိုပါတယ်။

ကရင်ပြည်နယ်၊ မာနယ်ပလောဒေသကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်က KNLA၊ KNDO နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီထံကနေ ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ ၇ နယ်မြေမှာရှိတဲ့ ကရင့်တော်လှန်ရေးနေ့ စစ်ရေးပြကွင်းကိုတော့ ဇန်နဝါရီ ၃၁ ရက် မနက် ၇ နာရီကျော်လောက်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၇ နယ်မြေမှာ နေထိုင်တဲ့သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013