
ဆီးရီးယား အသွင်ကူးပြောင်းရေး သမ္မတ အာမက် အယ်လ်ရှာရာဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၂ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံဆီ ရောက်လာပါတယ်။
တချိန်က အယ်လ်ကိုင်ဒါနဲ့ ဆက်နွှယ်ခဲ့တဲ့ အယ်လ်ရှာရာဟာ ဆီးရီးယားသမ္မတ အာဆတ် ဖြုတ်ချခံရကတည်းက အာရပ်နဲ့ အနောက်အုပ်စု ခေါင်းဆောင်တွေရဲ့ ထောက်ခံမှုကိုရဖို့ ကြိုးပမ်းနေပါတယ်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဟာ ဇန်နဝါရီ ၂၄ ရက်က ဒမတ်စကတ်မြို့ဆီ လာရောက်လည်ပတ်ခဲ့ပြီး ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားပေးရေး အကူအညီပေးဖို့ ဥရောပ၊ အမေရိကန်တို့နဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။
ရေနံထုတ်တဲ့ ပင်လယ်ကွေ့နိုင်ငံတွေမှာ အပျော် ပါတီတက်သူတွေ၊ အလုပ်သမားတွေလို လူတွေက သုံးတဲ့ မက်သာဖက်တမင်းလိုမျိုး စိတ်ကြွ မူးယစ်ဆေးဝါးဖြစ်တဲ့ ကပ်တဂွန်ဆေးတွေကို ဆီးရီးယားက ထုတ်လုပ်၊ ကုန်သွယ်မှု သမိုင်းကြောင်းအတွက် အာရပ်နိုင်ငံတွေက စိုးရိမ်ပူပန်ခဲ့ကြပါတယ်။
ကပ်တဂွန်ကို ဆီးရီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာ အမြောက်အမြား ထုတ်လုပ်ခဲ့ပြီး ဂျော်ဒန်နိုင်ငံဟာ ပင်လယ်ကွေ့နိုင်ငံတွေဆီ သွားရာမှာ ဖြတ်သန်းတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ အနောက်တိုင်း မူးယစ်ဆန့်ကျင်ရေး အရာရှိတွေက ပြောပါတယ်။
မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းဟာ ဆီးရီးယားနိုင်ငံရဲ့ အစ္စလာမ္မစ်အုပ်စိုးသူ အသစ်တွေ လက်အောက်မှာ ဂျော်ဒန်ကို ခြိမ်းခြောက်မှာ မဟုတ်ဘူးလို့ ဆော်ဒီအလည်အပတ် ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးသစ် အာဆဒ် ဟတ်ဆန် အယ်လ် ရှီဘာနီက ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးကို ဇန်နဝါရီ ၇ ရက်က ပြောခဲ့ပါတယ်။
Source : Reuters