
ဆီးရီးယားဘဏ္ဍာရေးဝန်ကြီး မိုဟမ်မဒ် အဘာဇီဒ်ဟာ ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူတွေနဲ့ ပထမဆုံးတွေ့ဆုံရာမှာ သူ့နိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ ရပ်တည်ချက်နဲ့ ပိတ်ဆို့အရေးယူမှု အလားအလာတွေ သက်သာရာရနိုင်ဖို့ ဇန်နဝါရီ ၂၉ ရက်က ဆွေးနွေးခဲ့ပါတယ်။
အစ္စလာမ္မစ်သူပုန်တွေက ဆီးရီးယားသမ္မတ အာဆတ်အစိုးရကို ဖြုတ်ချပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးခဲ့တာပါ။
အဘာဇီဒ်ဟာ ဆီးရီးယားနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံရဲ့ ယာယီသံတမန် ဘီယွန်း ဂယ်ယာမဲနဲ့ EU ကိုယ်စားလှယ် မီရှဲ အုံးမာခ်ထ်တို့နဲ့ တွေ့ဆုံပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကအတွက် ဥရောပသမဂ္ဂရဲ့ စီမံရေးဒါရိုက်တာ ဟေလင်း လယ်ဂေါင်းတို့ ဒမတ်စကတ်မြို့တော်မှာ တွေ့ခဲ့တာပါ။
ဥရောပသမဂ္ဂကနေ ဆီးရီးယားအပေါ် ပိတ်ဆို့မှုတွေကို ဖြေလျှော့ဖို့ လမ်းပြမြေပုံကို သဘောတူပြီး ရက်ပိုင်းအကြာမှာ တွေ့ဆုံခဲ့တာပါ။
EU ဟာ ဆီးရီးယားနိုင်ငံက လူတယောက်ချင်းနဲ့ စီးပွားရေး အပါအဝင် ကဏ္ဍနှစ်ခုစလုံးကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူတာတွေ အများအပြား လုပ်ခဲ့တာပါ။
ဆီးရီးယားနိုင်ငံကနေ ရေနံတင်ပို့မှုကို တားမြစ်ပြီး ကမ္ဘာ့ဘဏ္ဍာရေးလမ်းကြောင်းတွေဆီ ဝင်ရောက်ခြင်းအပေါ် ကန့်သတ်ခဲ့ပါတယ်။
ဆီးရီးယားဆိုင်ရာ ဂျာမန်ကိုယ်စားလှယ် ဂယ်ယာမဲက “၁၃ နှစ်နီးပါးကြာအောင် ပျက်ကွက်ခဲ့ပြီးတဲ့နောက် အခု ကျနော်တို့ ဒမတ်စကတ်မြို့တော်မှာ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
EU ဟာ ဘရပ်ဆဲလ်မှာ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းမယ့် အသေးစိတ် အချက်အလက်တွေကို နှောင့်ယှက်နေဆဲဖြစ်ပြီး သီတင်းပတ်နည်းနည်းကြာနိုင်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ ထည့်ပြောခဲ့ပါတယ်။
အစည်းအဝေးမှာ ဆီးရီးယားရဲ့ ဘတ်ဂျက်အခြေအနေနဲ့ ဘဏ္ဍာရေးကဏ္ဍဆိုင်ရာ စည်းမျဉ်းတွေ၊ ပိတ်ဆို့အရေးယူမှုတွေ သက်သာရာရစေမယ့် ဦးစားပေးကိစ္စတွေကို စူးစမ်းလေ့လာခဲ့တယ်လို့လည်း သူက ပြောပါတယ်။
EU အစိုးရတွေဟာ ဆီးရီးယား ပြန်လည်ထူထောင်ရေးကို စတင်ကူညီချင်ပေမဲ့ EU က ဆီးရီးယား အာဏာပိုင်အသစ် အားလုံးပါဝင်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေတာပါ။
ဒါကြောင့် EU ဟာ သြဇာလွှမ်းမိုးမှုကို ဆက်ထိန်းထားဖို့ တဖြည်းဖြည်းနဲ့ နောက်ပြန်လှည့်နိုင်တဲ့ ချဉ်းကပ်နည်းကို ယူသင့်တယ်လို့ လူအများက အလေးပေး ပြောဆိုခဲ့ပါတယ်။
Source : Reuters