ဆီးရီးယားပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနဟာ ယာဖော နယ်မြေမှာ ဆီးရီးယားစစ်တပ်ရဲ့ စတုတ္ထတပ်တော်ပိုင် စက်ရုံတရုံကို တွေ့ရှိခဲ့ပြီး အဲဒီမှာ တရားမဝင် မူးယစ်ဆေးဝါး တန်ချိန် ၃၀ လောက်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ကိရိယာတွေကို ဖျက်ဆီးခဲ့ကြောင်း ဇန်နဝါရီ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီစက်ရုံဟာ အာဏာရှင် ဆီးရီးယားသမ္မတဟောင်း ဘာရှား အယ်လ်-အာဆတ်ရဲ့ အစ်ကိုဖြစ်သူ မာဟားရ် အယ်လ်-အာဆတ် ဦးဆောင်တဲ့ ဆီးရီးယားစစ်တပ်ရဲ့ စတုတ္ထတပ်တော်က ပိုင်ဆိုင်တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေမှာ ကုန်ကြမ်းနဲ့ အသင့်သုံးစွဲနိုင်တဲ့ ကက်ပ်တဂွန်နဲ့ အိုက်စ်အခဲ (ခေါ်) မက်သာဖက်တမင်း အခဲတွေ ပါဝင်ကြောင်း ဆီးရီးယားပြည်ထဲရေး ဝန်ကြီးဌာန မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူ အိုဆာမာ အယ်လ်-ဒါမန်က ပြောပါတယ်။
ဒီမူးယစ်ဆေးတွေကို ရောင်းချသူတွေနဲ့ ကုန်သည်တွေကို ဖမ်းဆီးခဲ့ပေမဲ့ စက်ရုံပိုင်ရှင်တွေနဲ့ ဒီလုပ်ရပ်ကို ဦးဆောင်ခဲ့တဲ့ အရာရှိတွေကတော့ အာဆတ် အစိုးရ မပြုတ်ခင်မှာဘဲ ဆီးရီးယားကနေ ထွက်ခွာသွားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ကက်ပ်တဂွန်လို့ခေါ်တဲ့ စွဲလမ်းစေတတ်တဲ့ မက်သာဖက်တမင်း အမျိုးအစား စိတ်ကြွဆေးကို ဆီးရီးယားမှာ နှစ်ပေါင်းများစွာ အလုံးအရင်းနဲ့ ထုတ်လုပ်ခဲ့ပြီး အဲဒီကနေမှ ဂျော်ဒန်ကိုဖြတ်ပြီး ရေနံထုတ်လုပ်တဲ့ ပင်လယ်ကွေ့နိုင်ငံတွေဆီ လမ်းကြောင်းပြောင်းသွားတယ်လို့ အနောက်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရာရှိတွေက ပြောပါတယ်။
Source : Reuters