
မက္ကဆီကိုရေတပ်က တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၁၅ ရက်မှာ ဆီနာလိုအာပြည်နယ်ရှိ လျှို့ဝှက် မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းတခုကို ဖြိုခွင်းခဲ့ပြီး ဓာတုဆေးဝါး ထုတ်လုပ်မှုကို တားဆီးခဲ့ကြောင်း ရေတပ်ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ပြည်နယ်မြို့တော်အနီးမှာ ခန့်မှန်းခြေအားဖြင့် ၁,၅၀၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ ဓာတ်ခွဲခန်းတခုကို ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။
အပြီးသတ်ကုန်ချော ၁၅ ကီလိုဂရမ်အပြင် ဓာတုဒြပ်ပေါင်းအများအပြားနဲ့ စက်ကိရိယာတွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
နောက်ထပ် မူးယစ်ဆေးဝါးတွေ ထပ်မံထုတ်လုပ်ခြင်းမှ တားဆီးဖို့အတွက် ဆိုက်အတွင်းမှာ ဓာတ်ခွဲခန်းနဲ့ ပစ္စည်းတွေကို ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။
သီးခြားဖြစ်ရပ်တခုမှာလည်း မက္ကဆီကို အာဏာပိုင်တွေဟာ ဇန်နဝါရီ ၁၅ ရက်က ကာဘိုဆန် လူးကပ်စ် ကမ်းရိုးတန်းအနီးမှာ ကိုကင်း ၂ ဒသမ ၁၉ တန်ကို ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးမှာ မက္ကဆီကိုနိုင်ငံသား ၉ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖမ်းဆီးမှုအတွက် ရဟတ်ယာဉ် ၁ စင်း၊ လေယာဉ် ၂ စင်းနဲ့ သမုဒ္ဒရာကင်းလှည့်အဖွဲ့တို့ကို ဖြန့်ကျက်ချထားခဲ့ပါတယ်။
ဖမ်းမိထားသူတွေနဲ့ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကို အစိုးရရှေ့နေရုံးကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
Source : Reuters