
ဆီးရီးယားအာဏာရှင် အာဆတ်ကို ဖြုတ်ချတဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ အာမာအယ်လ်ရှာရာကို အသွင်ကူးပြောင်းရေးကာလ သမ္မတအဖြစ် ဇန်နဝါရီ ၂၉ ရက်မှာ ခန့်အပ်ခဲ့ပါတယ်။
ရှာရာဟာ အသွင်ကူးပြောင်းရေးကာလအတွက် ယာယီဥပဒေပြုကောင်စီတခုကို ဖွဲ့စည်းရမှာဖြစ်ပြီး အာဆတ် လက်ထက် အခြေခံဥပဒေကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။
တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ တပ်မှူးတွေ အစည်းအဝေးအပြီးမှာ အခုဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တချိန်က အယ်လ်ကေးဒါးလက်ခွဲလို့ သတ်မှတ်ခံခဲ့ရတဲ့ HTS အဖွဲ့ခေါင်းဆောင် ရှာရာက ဆီးရီးယားမှာ ပထမဦးစားပေးလုပ်ဆောင်ဖို့က အစိုးရတရပ် လစ်ဟာနေမှုကို တရားဝင်နည်းလမ်းနဲ့ ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ အရပ်ဘက်ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမှာဖြစ်ပြီး လက်စားချေမှုပုံစံတွေကနေ ကာကွယ်ပေးရမှာဖြစ်တယ်လို့ သမ္မတသစ်ဖြစ်လာတဲ့ ရှာရာက ဆိုပါတယ်။
စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အပါအဝင် နိုင်ငံ့အဖွဲ့အစည်းတွေကို ပြန်လည်တည်ဆောက်ရမှာ ဖြစ်သလို စီးပွားရေးအခြေခံအဆောက်အအုံလည်း ဖွံ့ဖြိုးအောင်လုပ်ရမယ်လို့ ဆိုပါတယ်။
နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတခု၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အစိုးရတရပ်ကနေ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို စတင်ရမှာဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့အဆင့်အထိ ဆက်လက် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ၄ နှစ်လောက်အထိ ကြာမြင့်နိုင်တယ်လို့ ရှာရာက ပြောကြားခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ရှာရာရဲ့ ကြေညာချက်ဟာ အာဏာချုပ်ကိုင်မှုကို တရားဝင်ဖြစ်အောင် လုပ်လိုက်တာမျိုး ဖြစ်လာမှာနဲ့ HTS အဖွဲ့ဟာ တပါတီ အစ္စလာမ္မစ်အုပ်စိုးမှု ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
Source : Reuters