
ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂ ရက် ဒီမနက် ၆ နာရီလောက်က နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မီးလောင်တဲ့နေရာကို အင်းစိန်မီးသတ်အဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ပေမဲ့ မီးတောက်အား ကောင်းနေတာကြောင့် မနက် ၆ နာရီ ၆ မိနစ်မှာ Level 1 အဆင့် မီးငြှိမ်းသတ်ရေးယာဉ်တွေ ဆင့်ခေါ်ခဲ့ရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဘယ်က စလောင်လဲတော့ မသိသေးပါဘူး။ ပြတ်ရှ၊ မီးခိုးမွှန်(ဒဏ်ရာရသူ)က လူ ၄ ဦးရှိတယ်။ အိမ်တွေက ကပ်နေတော့ လောင်စာကောင်းတယ်။ အားလုံး ၇ လုံး ပျက်စီးပါတယ်”လို့ ပြောပါတယ်။
မီးလောင်မှုအတွင်း သွပ်မိုး၊ ထရံကာ တထပ်အိမ် ၇ လုံး ပျက်စီးသွားခဲ့ပြီး အင်းစိန်နဲ့ ဆက်စပ်မြို့နယ်တို့က မီးသတ်၊ ကြက်ခြေနီ၊ အရပ်ဘက်အသင်းတွေရဲ့မီးသတ်ယာဉ်၊ ရေသယ်ယာဉ်တွေနဲ့ လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၆ နာရီခွဲလောက်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်တဲ့ အကြောင်းရင်းနဲ့ ပျက်စီးမှုတန်ဖိုးကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပြီး မီးဘေးသင့် အိမ်ထောင်စု ၇ စုက လူ ၃၀ ကျော်အတွက် နေစရာနဲ့ စားနပ်ရိက္ခာ လိုအပ်နေပါတယ်။