
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ကရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် အမျိုးသမီးစာရင်းကို ဇန်နဝါရီ ၃၁ ရက်နေ့ကစလို့ လိုက်လံကောက်ယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့နယ်အတွင်းက ချစ်တီးကုန်းရပ်ကွက်၊ အနန်းပင်ရပ်ကွက်နဲ့ ကြံခင်းစုရပ်ကွက်တို့မှာ တလမ်းကို ၇ အိမ်ထောင်စုနှုန်းနဲ့ တရပ်ကွက်ကို အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း လူဦးရေ အနည်းဆုံး ၄၀ အထိ ကောက်ယူနေတာ ဖြစ်ပါတယ်။
မြို့ခံတယောက်က “အခုကောက်တာ တအိမ်တည်း မောင်နှမ ၂ ယောက်ရှိရင် ၂ ယောက်စလုံးကို ကောက်သွားတာ။ အသက် ၃၅ နှစ်ပြည့်တောင်မှ ဒီနှစ် (၂၀၂၅)မှာ ဖေဖော်ဝါရီလအထိ ပြည့်ပြီးမှ ရတာ” လို့ ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတွေရဲ့ပြောပြချက်အရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် လူဦးရေစာရင်းကောက်ယူကတည်းက စစ်မှုထမ်းအတွက် သက်ပြည့် လူဦးရေစာရင်း ကောက်ယူပြီးစီးခဲ့ပြီး လက်ရှိ ကောက်ယူမှုတွေဟာ မြေပြင်မှာ လူငယ်တွေ တကယ်ရှိ မရှိကို အတည်ပြုဖို့အတွက် လုပ်ဆောင်နေတာလို့ သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာ ရပ်ကွက် ၂၇ ခုနဲ့ ကျေးရွာအုပ်စု ၅ ခုက ရွာ ၂၀ ပါဝင်ပြီး ၂၀၂၃ ခုနှစ် မတ်လစာရင်းအရ အသက် ၁၈ နှစ်အထက် လူဦးရေ ၂ သိန်း ၄ သောင်းကျော်ရှိပါတယ်။
ရန်ကုန်မြို့အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှာလည်း စစ်မှုထမ်းဖို့ အမျိုးသမီးစာရင်းကောက်နေပေမဲ့ စစ်ကောင်စီဘက်ကတော့ အဲဒီလိုကောက်တာမရှိဘူးလို့ ငြင်းဆိုနေပါတယ်။