ရန်ကုန်မြို့ တရုတ်တန်းက နှစ်သစ်ကူးပွဲတော် မစည်ကားတော့ဘဲ ဖွင့်ပွဲအခမ်းအနားကိုလည်း စည်ပင်ခရိုင်မှူးအဆင့် တာဝန်ရှိသူ တယောက်သာ လာရောက်ဖွင့်လှစ်ခဲ့ပါတယ်။
လမ်းမတော်လမ်းကနေ ရွှေတိဂုံဘုရားလမ်းတလျှောက် စည်ကားခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ဟာ အခုနှစ် ၂၀၂၅ ခု မြွေနှစ် တရုတ်တန်းရဲ့ နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာတော့ ဆိုင်ခန်းတွေ လျော့ကျလာသလို လသာလမ်းကနေ ရွှေတိဂုံဘုရားလမ်းတလျှောက်မှာလည်း ခြောက်ကပ်နေခဲ့တာပါ။
မြို့ထဲနေ ရန်ကုန်မြို့ခံက“ဒီနှစ်ကတော့ အကျဉ်းရုံးလိုက်တဲ့သဘောလို့တော့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆို သူက ရွှေတိဂုံဘုရားလမ်းဘက်အခြမ်းကို လျှော့ချလိုက်ပြီးတော့ လသာလမ်းဘက်ကနေ လမ်းမတော် လမ်းဘက်ကို ပို့ထားတယ်။ လမ်းမတော်ဘက်ကနေ ဒီဘက် ခါတိုင်းဆို မီးပုံးတွေရှိတယ်။ ခါတိုင်းနှစ်ကဆို အရမ်းစည်ကားတယ်။ အပေါ်တန်းမှာ မီးပုံးတွေရောင်စုံတွေနဲ့ နှစ်ကူးပွဲတော် အရသာရှိတယ်။ ခေတ်က တဖြည်းဖြည်း ကျလာလို့လားတော့ မသိဘူး။ တဖြည်းဖြည်း သေးသေးလာတယ်။ ကြာရင် ကြီးသထက်မကြီးသွားဘဲ သေးသထက် သေးသေးလာတယ် ပွဲတော်လေးက”လို့ ပြောပါတယ်။
အခုနှစ် တရုတ်တန်းက ရိုးရာနှစ်သစ်ကူးပွဲတော်ကို မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကြားက လသာလမ်းပေါ်ရှိ ကျန့်တိတ်အိတ်တိတ် ဘုံကျောင်းရှေ့မှာကျင်းပခဲ့ပြီး ပွဲတော်ဖွင့်ပွဲကိုတော့ ဘုံကျောင်းတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ မြို့တော်စည်ပင် အနောက်ပိုင်းခရိုင်မှူးတယောက်က သာ လာရောက်ဖွင့်လှစ်ခဲ့ပါတယ်။
တရုတ်ရိုးရာက အခုနှစ်ဟာ မြွေနှစ်ဖြစ်တာကြောင့် စီးပွားရေးရေးအရ အားရစရာကောင်းတဲ့ နှစ် တနှစ်တော့မဟုတ်ဘူးလို့ ရိုးရာကို တီးမိခေါက်မိသူ လသာမြို့နယ်မှာနေထိုင်သူ တရုတ်အမျိုးသားတယောက်က သုံးသပ်ပါတယ်။
“မြွေနှစ် ဆိုတော့ စီးပွားရေးတွေ သိပ်မကောင်းကြဘူး။ မျောက်နှစ်ဆို ပိုဆိုးတယ်၊ စီးပွားရေးတွေက ခုန်နေတယ်။ အယူက ဒီလိုကောက်တာကိုး တရုတ်က။ ဒီနှစ်ကတော့ သိပ်တော့ မထူးခြားဘူးလေ။ မြွေနှစ်ဆိုတော့ မြွေဆိုတော့ အဆိပ်ပြင်းတာပေါ့။ တော်တန်ရုံဟာလည်း စီးပွားက တက်ချင်လည်း တက်မယ်၊ မတက်ချင်လည်း မတက်ဘူး။ ပြောရရင် အင်မတန်ခက်တယ် မှန်းလို့မရဘူး။”
ဇန်နဝါရီ ၂၅ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှာ ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာတော့ တရုတ်သံအမတ်နဲ့ စစ်ကောင်စီ ခေါင်းဆောင်တို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်သလို မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအား ကူညီဆောင်ရွက်ပေးမှုတွေအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ကိုဗစ်ကာလကစပြီး တရုတ်နှစ်သစ်ကူးပွဲတော်ကို အဖြစ်သဘောသာ ပြုလုပ်ခဲ့ကြပေမဲ့ အာဏာသိမ်း ၄ နှစ်ပြည့်တော့မယ့် စစ်ကောင်စီဟာ အခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့မှာ စည်စည်ကားကားကျင်းပခဲ့တာပါ။
အခုနှစ်ဟာ တရုတ်ရာသီခွင် ၁၂ မျိုးထဲက မြွေနှစ်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်ဟာ နဂါးနှစ်မှ မြွေနှစ်သို့ ကူးပြောင်းတဲ့နှစ် တရုတ်နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းမှာဖွင့်လှစ်ခဲ့တဲ့ စီးပွားရေး အမှန်တကယ်လည်ပတ်ရာ အချက်အချာကျတဲ့ ရန်ကုန်မြို့ တရုတ်တန်းက ရိုးရာနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲက တနင်္ဂနွေနေ့ဖြစ်ပေမဲ့ လမ်းမကြီးတွေမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။