
ရန်ကုန်မှာ ညပိုင်းတွေသာမကတော့ဘဲ နေ့ဘက်တွေမှာပါမှဦ ခိုးမှုတွေဖြစ်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးနဲ့ ရဲစခန်းတွေကိုတိုင်ကြားလို့မရဘူးဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
အခု နှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မှာမီးပျက်ချိန်ပိုများလာပြီးနောက် ညပိုင်းတွေမှာ ခိုးမှု၊ လုယက်မှုတွေပိုများလာသလို နေ့ခင်းပိုင်းတွေမှာပါလည်း ခိုးယူလုယက်ခံရတာတွေများလာပေမဲ့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းတို့ကို အကြောင်းကြားပေမယ့် ဖြေရှင်းပေးတာမျိုးမရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အလုံမြို့နယ်မှာနေသူတယောက်က “လူရှင်းတဲ့တိုက်ခန်းလမ်းကြားတွေ၊ ရပ်ကွက်တွေထဲမှာ အိမ်ရှေ့မှာရှိတဲ့ ပစ္စည်းအကုန်ဆွဲတာ။ ဈေးဆိုင်ဖွင့်ဖို့ မိုးထားတဲ့ ထီးဆိုရင်လည်း လူရှင်းတာနဲ့ အကုန်ဖြုတ်ပြီး ခိုးပြေးတာ။ သူခိုးအခိုးခံရလို့ ရပ်ကွက်ရုံးတိုင်ရင် ရဲအရေးပိုင်တာ ရဲစခန်းတိုင်တဲ့။ ရဲတိုင်တော့လည်း အုပ်ချုပ်ရေးရုံးကတဆင့် ဖြေရှင်းရမှာဆိုတာမျိုး လွှဲချကြတယ်” လို့ ပြောပါတယ်။
အခုအခါ ခိုးမှုနဲ့လုယက်မှုတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိလုံခြုံရေး မိမိဘာသာဂရုစိုက်ဖို့၊ မီးပျက်နေချိန်မှာ အမှောင်ထဲတယောက်တည်းမသွားဖို့၊ ကိုယ့်အိမ်ကိုယ် လုံခြုံမှုရှိအောင် ပြုလုပ်ပြီးကာကွယ်ဖို့အတွက် အင်းစိန်မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတယောက်က အကြံပေးပါတယ်။
ရန်ကုန်မှာရှိတဲ့ရဲတွေအနေနဲ့ လုံခြုံရေးကင်းလှည့်ဖို့ စစ်တပ်ညွှန်ကြားချက်တွေကို လိုက်လံ လုပ်ဆောင်နေရတဲ့အတွက် ရဲစခန်းတွေမှာ ဖြစ်ရိုးဖြစ်စဉ်အမှုတွေကို ဖြေရှင်းပေးဖို့ အင်အားမရှိဘူးလို့ သူကဆိုပါတယ်။
“စခန်းတိုင်းရဲ့ ရဲတွေက လုံခြုံရေးအတွက်အင်အားထုတ်နုတ်ခံထားရတာ။ ခိုးမှုလို ဖြစ်ရိုးဖြစ်စဉ်အမှုကို တိုင်မယ်ဆိုရင်တော့ ဆုံးပြီလို့သာမှတ်လိုက်တော့။ အဲဒီအမှုတခုအတွက် လိုက်ဖြေရှင်းပေးမယ့်သူက စခန်းမှာရှိကိုမရှိတာ။ ဂိတ်စောင့်ရတဲ့သူ၊ ထောက်ခံစာနဲ့ ရုံးလုပ်ငန်းလုပ်တဲ့သူပဲရှိတာ။ အမှုဖွင့်ချင်ရင် ဖွင့်ခဲ့လို့တော့ရတယ်။ လုပ်မပေးတာတခုပဲ။ ကိုယ့်ဘာသာလုံခြုံရေးဂရုစိုက်ကြပါလို့ပဲ အကြံပေးချင်ပါတယ်”
ရန်ကုန်မှာ ခိုးမှုနဲ့လုယက်မှုတွေများလာတဲ့အတွက် တိုက်ခန်းတွဲနဲ့နေသူတွေဟာ ပုဂ္ဂလိက လုံခြုံရေးတွေကို အခန်းပိုင်ရှင်တွေစုပေါင်းထည့်ဝင်တဲ့ငွေကြေးနဲ့ ငှားရမ်းပြီး လုံခြုံရေး ချထားရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ရပ်ကွက်တွေအတွင်းမှာတော့ ညပိုင်းလုံခြုံရေးစောင့်ရမယ့်လူငယ်တွေကို အုပ်ချုပ်ရေးမှူးတွေက ရွေးချယ်ပြီး အလှည့်ကျ ကင်းစောင့်ခိုင်းတာတွေလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။