
တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာတာကြောင့် ငွေလွှဲ၊ ငွေထုတ် ပြုလုပ်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
ငွေဆောင်၊ ရေကြည်၊ သာပေါင်း၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ကျုံပျော်၊ ပုသိမ်၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း စတဲ့မြို့နယ်တွေမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ အင်တာနက်လိုင်းတွေ မကြာခဏ ပြတ်တောက်တာကို အဓိကကြုံနေရတယ်လို့ ဆိုပါတယ်။
သာပေါင်းမြို့နယ်က ငွေလွှဲလုပ်ငန်းရှင်တယောက်က “တိုက်ပွဲတွေ ဖြစ်ပေါ်ပြီးနောက် အင်တာနက်လိုင်းတွေက ပိုဆိုးသွားတာ။ တရက်နဲ့တရက် ပိုပိုပြီး ပြတ်တောက်လာတာ။ ငွေလွှဲ ငွေထုတ် လုပ်ငန်းတွေက အင်တာနက်လိုင်းကို အဓိကထားရတာလေ။ အင်တာနက်မရတော့ K-Pay, Wave Money တွေ ငွေလွှဲ၊ ငွေထုတ် လုပ်ရတာ တော်တော်အကျပ်ရိုက်နေတယ်” လို့ ပြောပါတယ်။
အဲဒီ အင်တာနက်လိုင်းတွေ ပြတ်တောက်လာတာကြောင့် ငွေလွှဲ၊ ငွေထုတ် အခက်အခဲ ဖြစ်လာတဲ့အပြင် ငွေမှားယွင်းလွှဲမှုတွေပါ ဖြစ်ပေါ်ကာ ကုဒ်နံပါတ်နဲ့ လွှဲသူတွေလည်း SMS မထွက်တာ၊ ငွေအထွက်ပြပေမဲ့ တဖက်ကို ငွေမရောက်တာ စတဲ့ အခက်အခဲတွေ အဓိက ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ချောင်းသာဒေသခံတယောက်က “ဒီဘက်မှာက အင်တာနက်လိုင်းတွေက ဘောမိတိုက်ပွဲအပြီး ပိုဆိုးသွားတာ။ ညဘက် ၁၁ နာရီ နောက်ပိုင်းမှပဲ လိုင်းကလည်း ကောင်းတော့တယ်။ ဘာလို့လဲတော့ မသိဘူး။ အဲအချိန် ဘာလုပ်လို့ ရမှာလဲ။ အခုက လိုင်းရတဲ့အချိန် ငွေအလွှဲအထုတ် အားချင်းစောင့်လုပ်ပြီး ငွေသားကို မနက်ဘက်မှ ထုတ်ပေးနေရတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ ၂၀၂၄ ခုနှစ်ထဲ အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်လိုင်း ပြတ်တောက်တာ ရှိပေမဲ့ အခုလို အင်တာနက် မကြာခဏပြတ်တောက်တာ မရှိခဲ့သလို လုပ်ငန်းတွေလည်း နှောင့်နှေးကြန့်ကြာတာ မရှိခဲ့ဘူးလို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်က ရွှေသောင်ယံမြို့ထဲက မကျီးဇင်တိုက်နယ်အဆင့်ရွာမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖုန်း ၅ ရက်လောက် မကြာခဏ လိုင်းတွေပြတ်တောက်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။