ဧရာဝတီတိုင်းထဲက အပန်းဖြေကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ ရွှေသောင်ယံ ကမ်းခြေတွေအနားမှာ တိုက်ပွဲတွေ ဖြစ်လာချိန် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ထဲက ၅ နှစ် နီးပါး မဖွင့်ဘဲ ပိတ်ထားတဲ့ ညောင်ချောင်းသာကမ်းခြေကို စစ်ကောင်စီကပြန်ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ညောင်ချောင်းသာကို အကြောင်းအမျိုးမျိုးကြောင့် ၅ နှစ်ကြာ မဖွင့်ဘဲ ပိတ်ထားတာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလမှာ ပြန်ဖွင့်ဖို့ စစ်ကောင်စီခန့်အုပ်ချုပ် ရေးမှူးတွေနဲ့ မြို့နယ်စည်ပင်က ပြင်ဆင်နေတာဖြစ်ပြီး ကမ်းခြေက ဆိုင်ခန်းနေရာအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ လေလံရယူနိုင်ဖို့ လျှောက်လွှာတင်ရမယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က ''ကမ်းခြေပြန်ဖွင့်ဖို့ ပြင်ဆင်နေတာ ဟုတ်ပါတယ်။ ဆိုင်ခန်းအတွက် လျှောက်လွှာတင်ရမှာပါ။ နွေရာသီကျောင်း ပိတ်ရက်အမီ ဖွင့်ဖို့လုပ်နေတာလို့ သိရတယ်။ အမှတ် ၃ အုပ်ချုပ်ရေးမှူးနဲ့ အမှတ် ၉ အုပ်ချုပ်ရေးမှူးတွေဆီမှာ ဆိုင်ခန်း နေရာအတွက် လျှောက်လွှာတင်ရမှာ။ စိတ်မပါဘူး၊ စစ်မှုထမ်းကိစ္စတွေနဲ့ ကုန်ဈေးနှုန်းကြောင့်''လို့ ပြောပါတယ်။
ညောင်ချောင်းသာကမ်းခြေဟာ ဧရာဝတီမြစ်နဲ့ ပန်းလှိုင်မြစ်တို့ဆုံရာ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံကျေးရွာအနီးမှာ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ကမ်းခြေဖြစ်ပြီး ကမ်းခြေကို မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ သာဖွင့်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
အပန်းဖြေလာတဲ့ ဧည့်သည်တွေရဲ့ ကားတွေကို ညောင်တုန်းဘက်ကမ်းမှာပဲထားခဲ့ရမှာ ဖြစ်တဲ့အပြင် ကမ်းခြေမှာ ညအိပ်အပန်းဖြေတည်းခိုခွင့် မပေးဘူးလို့ သိရပါတယ်။
အုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ''လက်ရှိ အထိတော့ ဆိုင်ခန်းနေရာအတွက် လျှောက်လွှာတင်သူ မရှိသေးပါဘူး။ ကမ်းခြေကို အထက်တာဝန်ရှိသူတွေက ညွှန်ကြားချက်နဲ့ ပြန်ဖွင့်ဖို့လုပ်နေတာပါ။ မြို့နယ်စည်ပင်နဲ့ အုပ်ချုပ်ရေးအဖွဲ့က အဓိက တာဝန်ယူပြင်ဆင်နေတာပါ။ ဟိုဘက် ကမ်းခြေတွေ ပိတ်ထားတာကို ကုစားတဲ့သဘောနဲ့ ဖွင့်ဖို့ပြင်နေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ ညောင်ချောင်းသာဖွင့်မှာနဲ့ ပတ်သက်ပြီး ညောင်တုန်းဒေသခံတွေတောင် စိတ်ဝင်စားမှု နည်းပါးနေသလို အဆမတန်မြင့်နေတဲ့ကုန်ဈေးနှုန်းတွေကြောင့် ဇန်နဝါရီ ၂၆ ရက်အထိ ကမ်းခြေဆိုင်ခန်းနေရာအတွက် လျှောက်လွှာတင်ထားသူ မရှိသေးဘူးလို့ သိရပါတယ်။
ညောင်ချောင်းသာကမ်းခြေက ရန်ကုန်တိုင်းနဲ့ အနီးစပ်ဆုံးနေရာတခုဖြစ်ပြီး ငွေကြေး သက်သက်သာသာနဲ့ အပန်းဖြေလို့ရတာကြောင့် စစ်အာဏာမသိမ်းခင်အချိန်က ညောင်ချောင်းသာမှာ အရမ်းစည်ကားခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်က ရွှေသောင်ယံမြို့ထဲက ဘောမိကျေးရွာကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေ ထိုးစစ်ဆင်လာချိန်မှာ ရွှေသောင်ယံ၊ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေက ဒေသခံတွေအနေနဲ့ ပုသိမ်နဲ့တခြားမြို့တွေကို သွားရောက် စစ်ဘေးရှောင်ခဲ့ကြသလို တခြားဒေသက ပြည်သူတွေကလည်း ချောင်းသာ၊ ငွေဆောင် အပန်းဖြေခရီးစဉ်တွေ ဖျက်သိမ်းမှု ပိုမိုများလာပါတယ်။
ဟိုတယ်ဘွတ်ကင်တွေကိုလည်း လျှော့ဈေးနဲ့ ပြန်ရောင်းနေကြတာတွေရှိသလို လက်ရှိကမ်းခြေတွေမှာ လာပြီး အပန်းဖြေတဲ့ ခရီးသွားဧည့်သည် မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။