
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ထားတဲ့ အောင်ဆန်းပညာရပ်စုံတက္ကသိုလ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၉ ရက် ည ၁၂ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသားနဲ့ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။
မြိုင်မြို့နယ်အခြေစိုက် PDF ရဲဘော်တယောက်က “မြိုင် အနောက်ပိုင်းဘက်မှာ NUG က ဖွင့်ပေးထားတဲ့ အောင်ဆန်းပညာရပ်စုံတက္ကသိုလ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၅ လုံးလောက်ကြဲသွားခဲ့တာ” လို့ ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါ တက္ကသိုလ်မှာတက်ရောက်နေတဲ့ ကျောင်းသား တယောက်နဲ့ ဈေးရောင်းချသူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “ဗုံးကြဲသွားတာကတော့ ၅ လုံးထက်မနည်းဘူး။ ဗုံးတွေက ကျောင်းပေါ်တည့်တည့်တော့မကျဘူး။ အဲ့ဒိတက္ကသိုလ်နားက ကွင်းပြင်ထဲကို ကျတာလို့ တော်သေးတာပေါ့ဗျာ။ အဲ့ဒိက ကျောင်းသားတယောက်ကတော့ ဗုံးစထိသွားတယ်။ စျေးသည် တယောက်က မျက်နှာထိတယ်။ နောက်စျေးသည် တယောက်ကတော့ လက်တဖက်ဖြတ်လိုက်ရတယ်ဗျ။ အသေအပျောက်တော့ မရှိပါဘူး။ မကွဲသေးတဲ့ဗုံး တလုံးလည်းကျန်နေသေးတယ်”လို့ ပြောပါတယ်။
အောင်ဆန်းပညာရပ်စုံတက္ကသိုလ်ကို လွတ်မြောက်နယ်မြေအတွင်း ဇန်နဝါရီ ၃၀ ရက်နေ့ ဖွင့်ပွဲပြုလုပ်မှာလို့ NUG ဘက်က အသိပေး ကြေညာပြီး နောက်တရက်မှာ အခုလိုဗုံးကြဲတိုက်ခိုက်ခံရတာလို့လည်း ပြောပါတယ်။
NUG ရဲ့ အောင်ဆန်းပညာရပ်စုံတက္ကသိုလ်ဖွင့်ပွဲကို ဇန်နဝါရီ ၃၀ ရက်မနက်ပိုင်းမှာ ကျင်းပဖို့ရှိတာကြောင့် NUG တာဝန်ရှိသူတွေ ညအိပ်ရှိနေနိုင်တယ်လို့ စစ်ကောင်စီတပ်က ယူဆပြီး အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။
အဆိုပါ အောင်ဆန်းပညာရပ်စုံတက္ကသိုလ်ကို ၂၀၂၄ ခုနှစ်ကုန်ပိုင်း ဒီဇင်ဘာလထဲမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။