မကွေးတိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက ဇန်နဝါရီ ၂၉ ရက်ညက လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် YDF ရဲဘော်တယောက် ဒဏ်ရာရရှိခဲ့ပြီး ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျွန်းခုံသာရွာနဲ့ ရေရှင်မရွာကြားက မိုက်ခရိုတာဝါတိုင်ကို ည ၉ နာရီနဲ့ ၁၂ နာရီဝန်းကျင်က စစ်ကောင်စီက လေကြောင်း ၂ ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီတာဝါတိုင်အနီးမှာ နေထိုင်နေတဲ့ YDFရဲဘော်တယောက် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဂန့်ဂေါနယ်က ဒေသခံတယောက်က “ဒီ Air Strike ၂ ကြိမ်လုပ်တာမှာ ဗုံးသီး ၄ လုံး ကျတယ်ပေါ့။ တလုံးက မီးလောင်ဗုံး၊ ဒီ မိုက်ခရိုတာဝါတိုင်ရဲ့ အရှေ့တောင်ဘက်အခြမ်းလိုမျိုးနေရာမှာပေါ့ အဲ့မှာကျတဲ့ဟာက မီးလောင်ဗုံးဟုတ်တယ်။ မီးလောင်ဗုံးကျတဲ့နေရာက အကုန် သစ်ပင်သေးသေးလေးတွေကအစ မီးလောင်သွားတဲ့ အနေအထားရှိတယ်ဗျ။ ပြီးတော့မှ ကျန်တဲ့ ၃ လုံးကတော့ ဒီမိုက်ခရိုတာဝါတိုင်အတွင်းမှာ ၂ လုံးပြီးတော့မှ ဒီမိုက်ခရိုတာဝါတိုင်ရဲ့ အနောက်မြောက်ထောင့်မှာ တလုံးပေါ့။ စုစုပေါင်းဗုံးသီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်ပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီက မိုက်ခရိုတာဝါတိုင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဂန့်ဂေါနယ်အတွင်းမှာ ဖုန်းလိုင်းတွေ အားလုံးပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။
၂၀၂၄ ခု အောက်တိုဘာ ၁၄ ရက်ကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာက YPDF ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပြီး ဒေသခံ ၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၂၉ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆၂၂၄ ယောက် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။