
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာကို ဇန်နဝါရီ ၂၈ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) တွေ အသုံးပြုပြီး ဗုံးကြဲချခဲ့လို့ ဒေသခံပြည်သူ တယောက် သေဆုံးသွားသလို ကလေးငယ် တယောက် အပါအဝင် ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
တောင်သာမြို့နယ် လူထုသပိတ်ကော်မတီရဲ့ တာဝန်ခံက “မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီး ၂ စီးက ရွာတန်းရှည်ရွာထဲကို အကြောင်းမဲ့ ဗုံးကြဲချသွားခဲ့တာ ဖြစ်ပါတယ်။ ရွာခံ အမျိုးသမီး တယောက် ဆုံးသွားပါတယ်။ ၃ နှစ်အရွယ် ကလေးငယ် တယောက်နဲ့ အမျိုးသား တယောက်တို့ အပြင်းအထန်ဒဏ်ရာရလို့ ဆေးကုသမှု ခံယူနေကြပါတယ်။ လူနေအိမ် တလုံးလည်း လုံးဝပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာတန်းရှည်ကျေးရွာက အသက် ၂၆ နှစ်အရွယ် ဒေါ်ပု ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသားတယောက်နဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် တယောက်တို့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုကြည်စတားက “စစ်တပ်ရဲ့ ပြည်သူအပေါ် ယုတ်မာရက်စက်မှုတွေက အထူးပြောပြစရာ မလိုတော့ပါဘူး။ အခုလထဲမှာတင် တောင်သာနယ်ထဲက ကျေးရွာတွေကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဆက်တိုက်ဗုံးကြဲနေတယ်ဆိုတာ ပြည်သူအားလုံး သိကြပြီးဖြစ်တဲ့အတိုင်းပါပဲ။ ပြီးခဲ့တဲ့ရက်ကမှ သာစည်ရွာကို ဗုံးကြဲသွားတယ်၊ အခု ရွာတန်းရှည်ရွာကို ထပ်ကြဲတယ်ဗျာ။ တိုက်ပွဲဖြစ်တာမရှိပါဘဲ သက်သက်မဲ့ ပြည်သူကိုသတ်ဖြတ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖက်စစ်တပ်က ဖျက်ဆီးနေတာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
တောင်သာမြို့နယ်ထဲက ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ လေကြောင်းရန်သတိပေး ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်လိုက်နာပေးကြဖို့နဲ့ ပြည်သူအချင်းချင်းကြားမှာလည်း စစ်တပ်ရဲ့ လေယာဥ်သံကြားရင် အချက်ပေးပြီး ကြိုတင်ရှောင်ရှားနိုင်မယ့် အစီအမံတွေကို အရေးပေါ်ပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဟာ တောင်သာမြို့နယ်ထဲက သာစည်(အရှေ့)ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတယောက် မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့သလို ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီခွဲဝန်းကျင်ကလည်း တောင်သာမြို့နယ်ထဲက ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) အသုံးပြုပြီး ဗုံးကြဲချခဲ့လို့ ပြည်သူ ၄ ယောက် သေဆုံးသွားသလို လူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။