Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံး၊ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ 
DVB
·
January 29, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲ နေတယ်လို့ ကရင်နီစစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

အခု ဇန်နဝါရီ ၁၉ ရက်ဝန်းကျင်ကစပြီး မိုးဗြဲဒေသကို စစ်ကောင်စီတပ် ခမရ ၄၂၂ က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်ကောင်စီက နေ့စဉ် လေကြောင်းကနေ ဗုံးကြဲနေသလို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် တော်လှန်ရေးရဲဘော်တွေ ကျဆုံးတာတွေ ရှိနေတယ်လို့ ကရင်နီ စစ်ရေးသတင်းအရင်းမြစ်တယောက်က ပြောပါတယ်။

“မနေ့က တရက်တည်းတင် လေယာဉ်နဲ့ ၄ ကြိမ်လောက် လာပစ်တယ်။ တပ်ဖွဲ့တွေဘက်က ကျတာ မြေပြင်ထိုးစစ်ထက် လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကျတာ။ အသေးစိတ် အခြေအနေတော့ သေချာမသိရသေးဘူး။”

မိုးဗြဲမြို့အနီးက စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲမှာ ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ရဲဘော် ၂ ယောက်နဲ့ အမှတ် ၁၀၀၈ တပ်ရင်း SSRY က ရဲဘော် ၁ ယောက် စစ်ကောင်စီလက်နက်ကြီးကြောင့် ကျဆုံးခဲ့ရတယ်လို့ SSLRU က ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

SSLRU က အသက် ၁၈ နှစ်အရွယ် ရဲဘော် ခန့်ခန့်၊ အသက် ၂၆ နှစ်အရွယ် ရဲဘော် ကော်ဘရာနဲ့ SSRY က အသက် ၂၄ နှစ်အရွယ် ရဲဘော်ဉာဏ်ကြီးတို့ ဇန်နဝါရီ ၂၇ ရက်က မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

SSLRU က ဘဏ္ဍာရေးတာဝန်ရှိသူက “နှစ်ယောက်လုံးက Urban ကတည်းက ပါလာတဲ့ကလေးတွေ၊ အပြောင်းအလဲတွေ ပူးပေါင်းမှုတွေမှာ အများကြီး ပါဝင်ထားကြတယ်။ တယောက်ဆို ဒုစုမှူးတောင် ဖြစ်နေပြီ။ နှစ်ယောက်လုံး တနှစ်ပြည့်တော့မယ်” လို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၃ ယောက်ကို ဇန်နဝါရီ ၂၈ ရက်မှာ ကရင်နီပြည်တနေရာမှာ မြေချသင်္ဂြိုဟ်ပေးခဲ့ပြီး ကျဆုံးရဲဘော်တွေအတွက် ဆွမ်းကပ်လှူတာ၊ ရေစက်ချအမျှဝေတာ၊ သူရဲကောင်းအဖြစ် ဂုဏ်ပြုအလေးပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ၃ နှစ်တာ ထိတွေ့တိုက်ပွဲတွေအတွင်း SSLRU က ရဲဘော် ၇ ယောက် ကျဆုံးခဲ့ရပြီး ဒဏ်ရာရရဲဘော်များလည်းရှိကာ SSRY က ရဲဘော် ၉ ယောက်ကျဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

SSLRU နဲ့ SSRY တို့က စစ်ရေးအခြေအနေ တင်းမာနေပြီး ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတဲ့ မိုးဗြဲတိုက်ပွဲမှာ တခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို တော်လှန်နေတယ်လို့ ဆိုပါတယ်။

မိုးဗြဲအနီးတဝိုက်မှာ စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလကစပြီး စစ်ကြောင်းထိုးနေကာ လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းဗုံးသီးချတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ဇန်နဝါရီလထဲ ပိုမိုပြုလုပ်နေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

စစ်ကောင်စီဟာ မိုးဗြဲနဲ့ လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ဖို့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး လွိုင်ကော် ဒကစ ကနေ ရဟတ်ယာဉ်နဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေကို ဖြည့်တင်းပေးနေပြီး လွိုင်ကော်မြို့အနီးတဝိုက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

မိုးဗြဲတိုက်ပွဲ ပြင်းထန်နေတာ ၁၀ ရက်ဝန်းကျင် ရှိလာပြီဖြစ်ပေမဲ့ ကရင်နီတော်လှန်ရေးတပ်တွေက အကောင်းဆုံး ခုခံထားနိုင်ပြီး လက်လွှတ်ပေးလိုက်ရတာမျိုး မရှိသေးဘဲ မြေပြင်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေသာ အထိအခိုက် များပြားနေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း မိုးဗြဲရဲ့ နေရာအများစုကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024