Home
မြန်မာသတင်း
စစ်ကောင်စီတပ်က လေယာဉ်ဆီ ချွေတာရန် စက်တပ်လေထီးများ ပိုမိုအသုံးပြု ဗုံးကြဲတိုက်ခိုက်လာ
DVB
·
January 24, 2025

စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တည်နေရာတွေကို ကင်းထောက်ဖို့နဲ့ ပြည်သူလူထု နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ဖို့ လေယာဉ်တွေအစား စက်တပ်လေထီး (Paramotor)တွေကို ပိုအသုံးပြုလာတာတွေ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက‌ ပြောကြပါတယ်။

စစ်ကောင်စီဟာ လေယာဉ်ဆီချွေတာဖို့အတွက် မိတ္ထီလာလေတပ် အနီးဝန်းကျင်က ကျေးရွာတွေကို စက်တပ်လေထီးတွေသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ လည်းဆိုပါတယ်။

မန္တလေးတိုင်း‌ တောင်သာမြို့နယ်ထဲက ‌ကျေးရွာတွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က စကာ မိတ္ထီလာလေတပ် မြေပြင်အတပ်သင် သင်တန်းကနေတဆင့် အနီးဝန်းကျင်ကျေးရွာတွေကို ဗုံးကြဲခဲ့တာပါ။

စက်တပ်လေထီးတွေဟာ တနာရီကို  ၄၀ မှ ၆၀ ကီလိုမီတာလောက်သာ မောင်းနှင်နိုင်တဲ့အတွက် စစ်ကောင်စီတပ်က မိတ္ထီလာ(ရှမ်းတဲ)လေတပ်စခန်း ဌာနချုပ်နဲ့ မိုင် ၁၀၀ ဝန်းကျင်လောက်သာဝေးတဲ့ တောင်သာ၊ မြင်းခြံ၊ ငန်းဇွန်၊ ကျောက်ပန်းတောင်းစတဲ့ မြို့နယ်တွေက ကျေးရွာတွေကို အဓိကထားပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တပ်ရင်းမှူးက “ ပထမစတက်တက်ချင်းက  ၂ စီးတက်တယ်။ မလှိုင်ကနေစတက်တာ၊ မလှိုင်ကနေ တောင်သာဆိုရင် မိုင် ၂၅ လောက်ဝေးမယ်။ မိတ္ထီလာကနေဆို ၄၅ မိုင်ဝေးတော့ မိတ္ထီလာက မတက်ဘဲ မလှိုင်ခြေကလာတက်တာ။ ပထမစမ်းပျံတဲ့ အနေနဲ့ပေါ့ ဓာတ်ဆီလုံလောက်မှု ဘာညာသူတို့ ချိန်တယ်ထင်တယ်။ အခုနောက်ပိုင်းတော့ မိတ္ထီလာကနေပဲတက်တယ်။ နောက်တချက်က နေ့ခင်းမလာတော့ဘူး။ ညမှပဲလာတယ် ညမှာလာရင်တော့ အသံပဲကြားရတော့တာ မမြင်ရတော့ဘူး။ ပတ်ပတ်လည် ‌ကျေးရွာတွေကို ကြဲတာပေါ့။ ကျနော်တို့ရှိမယ်ထင်တဲ့ နေရာတွေကိုပေါ့။ ထိခိုက်သေဆုံးကတော့ ပြည်သူတွေပဲများတယ်ပေါ့။ သူတို့က ချတယ်ဆိုကတည်းက  ရွာထဲပါချတာ၊ ရွာထဲချတော့ ပြည်သူတွေ ဆိုးဆိုးရွားရွားဖြစ်တာပေါ့နော်။  ဒီကောင်တွေက မညှာတာဘူး ရက်စက်တယ်”လို့ ပြောပါတယ်။

စက်တပ်လေထီးတွေဟာ ညသန်းခေါင်ယံအချိန်မှာ မိတ္ထီလာ(ရှမ်းတဲ)လေတပ်စခန်း ဌာနချုပ်ကနေ ကျေးရွာတွေဘက် ပျံသန်းလာပြီး ၈၁ မမ ဗုံးသီးတွေကြဲချတယ်လို့ ဆိုရပါတယ်။

မိတ္ထီလာ(ရှမ်းတဲ)လေတပ်စခန်း ဌာနချုပ်တဝိုက် တောင်သာမြို့နယ်အတွင်းက ကျေးရွာ ၁၂  ရွာနဲ့ ကျောက်ပန်းတောင်းမြို့နယ်ထဲက ကမ္ဘားတဲ(ကမ်းမတဲ)ရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲချမှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေလို့ အသက် ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးခဲ့ ပါတယ်။

မိတ္ထီလာလေတပ်အနီး ဝန်းကျင်က ကျေးရွာနေပြည်သူတွေဟာ စက်တပ်လေထီးနဲ့ ဗုံးကြဲချမှုတွေကြောင့် စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရပြီး လူမှုစီးပွားဘဝကို ထိခိုက်နေရတယ်လို့ တောင်သာမြို့နယ်က စစ်ဘေး‌ရှောင်အရေး အကူအညီပေးနေသူတယောက်က ပြောပါတယ်။

“စက်တပ်လေထီးတွေ သုံးတဲ့အခါကျတော့ ပြည်သူတွေကတော့ စိုးရိမ်စရာ‌ပေါ့နော်။ ဒီလေကြောင်းတိုက်ခိုက်မှုက၊ စက်တပ်လေထီးတွေ အသံကြားပြီဆိုရင်ပဲ တော်တော်လေးကို စိတ်သောကရောက်ရတဲ့အခြေအနေပေါ့။ ပြည်သူလူထုကို လူ့အခွင့်အရေးနဲ့ မညီတဲ့ လုပ်ရပ်တွေနဲ့ပေါ့နော်။ အသက်အန္တရာယ်က အစပေါ့နော် စိတ်ဓာတ်စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိက်စက်မှုကို စစ်ကောင်စီက အလွန်အကျွံ့ပြုလုပ်လာတဲ့ အခါကျတော့ ဘယ်လိုနည်းနဲ့မှ ခုခံနိုင်စွမ်းမရှိသေးဘူး၊ ကျတော်တို့အနေနဲ့ကတော့ ဘာလုပ်ပေးနိုင်သလဲဆိုရင် လေကြောင်းရန် ကာကွယ်ဖို့ဆိုပြီးမှ ဗုံးခိုကျင်းတွေတူးတယ်။ စက်တပ်လေထီးတွေ လာပြီဆိုရင် စနစ်တကျ ဗုံးခိုကျင်းထဲမှာ ခိုအောင်းပုန်းအောင်းရတာကလွဲရင် ကျန်တဲ့ တုံ့ပြန်မှု မလုပ်နိုင်သေးဘူးပေါ့နော်။” 

စက်တပ်လေထီး (Paramotor)တွေကို စစ်ကောင်စီတပ်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ အရပ်သားတွေကို တိုက်ခိုက်ဖို့ တွင်တွင်ကျယ်ကျယ် သုံးလာပြီး လေထီးတွေကို ပြန်လည်တိုက်ခိုက်နိုင်မယ့်နည်းလမ်းတွေကို CDM ဗိုလ်ကြီးဇင်ယော်က အခုလိုပြောပါတယ်။

“သူတို့ speedက အဲ့လောက်အမြန်ကြီးသွားနိုင်တာ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့က အောက်ကနေ စက်လက် စနိုက်ပါ ကောင်းကောင်းထောက်ပြီး  ပစ်လိုက်ရင် ၃ ၄ လုံးပေါ့နော်၊ ကျနော်တို့ခေါ်တာ (Paraglider) ပေါ့နော်၊ အဲ့ဒီဂလိုက်ဒါကို ၃ စီး ၃ စီးလောက်ပစ်ပေးလိုက်ရင် ပျံတောင် ပျံရဲမှာမဟုတ်တော့ဘူးပေါ့နော်။ သူတို့ကလည်း အောက်ကနေ ပြန်မပစ်နိုင်လောက်တဲ့ နေရာမျိုးတွေကိုပဲ စမ်းသပ်ပြီး ပျံသန်းနေတာပေါ့။ အောက်ကနေ ပွိုင့် 5 လိုဟာမျိုးမဟုတ်ဘဲ စက်လက်လို့ခေါ်တဲ့ ငါကြင်းမှီးပေါ့နော် အဲ့တာနဲ့ကိုပဲ ကောင်းကောင်းထောက်ပြီး ပစ်လိုက်ရင်ကိုပဲ သူတို့ရဲ့ မစ်ရှင်က ပျက်သွားမယ့်အနေအထားမျိုးပါ။ အဲ့ကနေ နည်းနည်းလုပ်ပြဖို့လိုတယ်ပေါ့နော်။”

စက်တပ်လေထီး (Paramotor) တွေဟာအရှိန်နှေးတာ၊ ကီလို ၂၅၀ မှ ၃၀၀ ခန့်သာ သယ်ဆောင်နိုင်တာ၊  နေရာအတိအကျ ရပ်တန့်လို့ မရတဲ့အတွက် ပစ်မှတ်တည့်တည့်ကို ဗုံးသီးချဖို့ခက်ခဲတာ၊ အကာအကွယ်မရှိတာကြောင့် မောင်းနှင်သူအတွက် အန္တရာယ်များတာ၊ လေထီးဖြစ်တဲ့အတွက် လေထီးကြိုးနဲ့ လေထီးရွက် ထိခိုက်ပျက်စီးလွယ်တာ၊ အသံကျယ်တာ စတဲ့အချက်တွေကြောင့် စစ်ဘက်ဆိုင်ရာ အသုံးပြုမှုတွေမှာ အားနည်းချက်များစွာ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

စစ်ကောင်စီတပ်ကတော့ မိတ္ထီလာလေတပ်တဝိုက်ကကျေးရွာတွေကို စက်တပ်လေထီး (Paramotor) နဲ့ ဗုံးကြဲချတိုက်ခိုက်တာအပြင် ရခိုင်ရိုးမအနီးက ပန်းတောင်းမြို့နယ်နဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တို့မှာလည်း ဇန်နဝါရီလအတွင်း စမ်းသပ်ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024