မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာစည် (အရှေ့) ကျေးရွာကို ဇန်နဝါရီ ၂၃ ရက် မနက် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) တွေ အသုံးပြုပြီး ဗုံးကြဲချခဲ့လို့ ဒေသခံ အမျိုးသမီးကြီးတယောက် သေဆုံးသွားသလို လူနေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။
တောင်သာမြို့နယ် လူထုသပိတ်ကော်မတီရဲ့ တာဝန်ခံက “မိတ္ထီလာ လေတပ်စခန်းဘက်ကနေ လာကြတယ်လို့ ယူဆရပါတယ်။ သာစည်ရွာထဲကို တလုံးကျတယ်။ နောက်တလုံးက ရွာပြင်ဘက် ကားလမ်းဘက်ကို ကျတယ်။ သာစည်ရွာက အမျိုးသမီးတယောက် ဆုံးသွားပါတယ်။ လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် တောင်သာမြို့နယ်ထဲက ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ စနစ်တကျ တူးကြဖို့လည်း တောင်သာမြို့နယ် လူထုသပိတ်ကော်မတီက သတိပေး တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။
ဗုံးကြဲချခဲ့တာကြောင့်လည်း သာစည်ကျေးရွာနေ အသက် ၇၀ အရွယ် ဒေါ်ဇင် သေဆုံးသား ပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုကြည်စတားက “သာစည်ရွာထဲက ဗုံးကြဲခံလိုက်ရလို့ ပျက်စီးသွားတဲ့အိမ်က ဦးစိန်ဝင်းရဲ့အိမ်ဗျ။ သူ့သားတယောက်က စကစရဲ့ ရေတပ်ထဲမှာ အခုထိ တာဝန်ထမ်းဆောင်နေတုန်းပဲ။ သူတို့အချင်းချင်းတောင် မရှောင်တော့ဘူး ဆိုတဲ့သဘော သက်ရောက်နေတာပေါ့။ ဆုံးသွားတဲ့ ဒေါ်ဇင်က သူတို့အိမ်ဘေးနားမှာ နေတာပါ။ အိမ်နီးနားချင်းတွေပေါ့ဗျာ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဟာ တောင်သာမြို့နယ်ထဲက သာစည်(အရှေ့)ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတယောက် မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီခွဲဝန်းကျင်ကလည်း တောင်သာမြို့နယ်ထဲက ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) အသုံးပြုပြီး ဗုံးကြဲချခဲ့လို့ ပြည်သူ ၄ ယောက် သေဆုံးသွားသလို လူနေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ လေကြောင်းရန် သတိပေး ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်လိုက်နာပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက မေတ္တာရပ်ခံထား ပါတယ်။