တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ဇန်နဝါရီ ၂၁ ရက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ဒေသခံ အဘွားအို တယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ TNLA ထံက သိရပါတယ်။
နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီး ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ တယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် တလုံးနဲ့ စည်ပင်ရုံး မီးလောင်ကျွမ်း ပျက်စီးသွားတယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
နောင်ချို ဒေသခံတယောက်က "အဘွားတယောက် ဆုံးပါတယ်။ အသက်ကတော့ခန့်မှန်း ၆ဝ ကျော် ၇ဝ နီးနီးပဲ။ အဘိုးတယောက်နဲ့ ၁၇ နှစ်အရွယ်ကလေးတယောက် ကတော့ ဒဏ်ရာ အနည်းငယ်ရပါတယ်။ ထွေအုပ်ရုံးကိုချတာ အဲ့တဝိုက်က အိမ်တွေထိပါတယ်”လို့ ပြောပါတယ်။
ပစ်သံတွေလည်း ကြားရပြီး ဂေလောင်းဘက်၊ နောင်ချိုရဲ့ အောက်ဘက် ဦးတည်သွားသံကြားရတယ်လို့ ဒေသခံက ပြောပါတယ်။
နောင်ချို ဒေသခံ အမျိုးသမီးတယောက် "နောင်ချိုကို လေယာဉ်နဲ့ ကြဲသွားတာ ဟုတ်တယ်။ ၂ ခါ လာကြဲ သွားတာ၊ မီးလောင်နေတယ်လို့ ပြောတယ်။ ပြန်သွားတဲ့ ဆရာ ခုနကပဲ ဖုန်းဆက်လာတယ်"လို့ ပြောပါတယ်။
နောင်ချိုမြို့ခံ အများစုက စစ်ဘေးရှောင်နေကြတာဖြစ်ပြီး စစ်ရှောင်တွေ တချို့ကတော့ အရင်ရက်ပိုင်းက ပြန်သွားကြတာဖြစ်ပြီး တချို့က လယ်တောတွေထဲမှာ စစ်ရှောင်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီလောက်ကလည်း ကျောက်မဲမြို့နယ်၊ ပန်ပေါက်ရွာရှိ တိုးဂိတ်အနီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။