ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က တရုတ် တစ်ရှူးငှက်ပျောခြံမှာ ဇန်နဝါရီ ၂၀ ရက်က စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်တာကြောင့် တရုတ် အမျိုးသားတယောက်နဲ့ ငှက်ပျောခြံလုပ်သားတယောက်တို့ အသက်ဆုံးရှုံးခဲ့တယ်လို့ ဝိုင်းမော်မြို့ခံထံက သိရပါတယ်။
တစ်ရှူးငှက်ပျောခြံအတွင်းမှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက်ဆုံးရှုံးသူတွေနဲ့ ထိခိုက် ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ဝိုင်းမော် ဒေသခံတယောက်က ပြောပါတယ်။
“ဒရုန်းနဲ့လာကြဲသွားလို့ အဲငှက်ပျောခြံက တရုတ်တယောက်ရယ်၊ အလုပ်သမားတယောက်ရယ် ဆုံးသွားတယ်လို့ ကြားတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်။ အတိအကျတော့ မသိရ သေးဘူး။ အခုက ဖုန်းလိုင်းတွေလည်း မရှိတော့ အခြေအနေ အတိအကျ မသိရသေးဘူး ဖြစ်နေတယ်။”
တစ်သျှူးငှက်ပျောခြံ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်သားတွေရှိတယ်အထင်နဲ့ ဒရုန်းနဲ့ ဗုံးလာကြဲသွားတာဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဝိုင်းမော် ခလရ(၅၈) တကြောမှာ စစ်ရေးလှုပ်ရှားတာတွေရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၈ ရက်ကလည်း မံစီမြို့နယ်ထဲက ခဖောက်စစ်ရှောင်စခန်း အဟောင်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။