Home
မြန်မာသတင်း
ကျိုက်ဒုံမြို့ မီးသတ်စခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
January 22, 2025

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ ကျိုက်ဒုံမြို့ အမှတ် ၅ ရပ်ကွက်အတွင်းက မီးသတ်စခန်းကို စစ်ကောင်စီက ဇန်နဝါရီ ၂၂ မနက် ၇ နာရီခွဲလောက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး မီးသတ်စခန်း အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် မီးသတ်စခန်း အဆောက်အဦတခုလုံး ပျက်စီးခဲ့တဲ့အပြင် အနီးအနားမှာ မီးလှုံနေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတယောက် ဗုံးစထိမှန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဗုံးစထိမှန်သေဆုံးတဲ့သူက မနက်အစောပိုင်းက ရာဘာခြစ်ပြီးအပြန် နေအိမ်မရောက်ခင် မီးဝင်လှုံနေတုန်း ဗုံးကြဲခံလိုက်ရတော့ နေရာမှာတင် အစထိပြီး သေဆုံးသွားတယ်။ မီးသတ်စခန်း အဆောက်အဦကတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ကျိုက်ဒုံမြို့ဟာ စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်ပြီး မြေပြင် စစ်ကြောင်းမထိုးနိုင်တဲ့အပေါ် လေကြောင်းအားကိုးနဲ့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေဟာ ထပ်မံပြီး လာရောက်တိုက်ခိုက်မှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “မြေပြင်သတင်းအရ ခိုင်မာတိကျမှု မရှိဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ မရှိဘဲ ဗုံးကြဲတိုက်ခိုက်တာက ဒါဟာ နိုင်ငံတကာ စစ်ဥပဒေအရကော၊ လူသားအခွင့်အရေးအရ ကြည့်မယ်ဆိုရင် ဒါက ရာဇဝတ်မှု ကျူးလွန်တယ်လို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လအတွင်းက ကျိုက်ဒုံမြို့ စစ်ကောင်စီ အခြေချဗျူဟာစခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ဝင် ၆၆ ယောက် လက်နက်ချခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ က ဒီကနေ့အထိ ထိန်းချုပ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013