
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ) တပ်ဖွဲ့ဝင်တယောက်က “မနက်ပိုင်းမှာတင် လင်းကတောရဲစခန်းဘက်မှာ တပွဲနဲ့ မြိုင်-မန္တလေး လမ်းပေါ်မှာ တပွဲဆိုတော့ နေရာ ၂ ခုမှာ ၂ ပွဲ ဖြစ်ခဲ့တာဗျ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးကာ သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ) တာဝန်ခံတယောက်က “ပွဲ ၂ ပွဲမှာက ကျနော်တို့ဘက်က တပ်ခွဲတွေ မတူကြဘူးဗျ။ မြိုင်နယ်ထဲကပဲ လင်းကတောရဲစခန်းကနေ ထွက်ပြီးတော့ ရွာနီးချုပ်စပ်က ပြည်သူပိုင်ပစ္စည်းတွေကို ထွက်လုတဲ့အဖွဲ့ကို ဖြတ်တိုက်တာက ပထမပွဲ။ နောက်တပွဲက မြိုင် ထွေအုပ်ရုံးမှာ တပ်စွဲနေတဲ့ စစ်သား ၂ ယောက်က မြိုင်-မန္တလေး လမ်းပေါ်က သူတို့စစ်ဆေးရေးဂိတ်ကို ထွက်လာတာကို လမ်းကနေ ဖြတ်တိုက်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
လင်းကတောရဲစခန်းကနေ ထွက်လာကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး BA G3 သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြိုင် ထွေအုပ်ရုံးကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးသလို MA1 သေနတ် ၁ လက်နဲ့ ကျည်အတောင့် ၂၀ နီးပါး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အဆိုပါတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းကလည်း မြိုင်မြို့နယ်၊ ချောင်းနားကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ သယ်ဆောင်သွားကြကာ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။