
သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ဇန်နဝါရီ ၂၉ ရက်က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တခုကြောင့် ပါလက်စတိုင်း ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပြီး အစ္စရေးစစ်တပ်ကတော့ လက်နက်ကိုင် စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုဟာ အနောက်ဘက်ကမ်းရဲ့ မြောက်ပိုင်းရှိ တူးဘာ့စ်ဒေသမှာ ဖြစ်ပွားခဲ့တာလို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲစတင်ကတည်းက အနောက်ဘက်ကမ်းမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့တာပါ။
ပါလက်စတိုင်းတွေ ရာနဲ့ချီ သေဆုံးခဲ့ပြီး အများစုမှာ လက်နက်ကိုင် သေနတ်သမားတွေ ဖြစ်ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ ကျောက်ခဲနဲ့ပစ်ပေါက်တဲ့ လူငယ်တွေသာမက ပါဝင်သက်ဆိုင်ခြင်း မရှိတဲ့ အရပ်သားတွေ အပါအဝင် လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့တာပါ။
အနောက်ဘက်ကမ်းနဲ့ အစ္စရေးတို့မှာ ပါလက်စတိုင်းတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံသား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
ကီလိုမီတာ ၁၀၀ (၆၂ မိုင်) ရှည်လျားတဲ့ ကျောက်ကပ်ပုံသဏ္ဌာန်ရှိ အနောက်ဘက်ကမ်းကို အစ္စရေးက ၁၉၆၇ ခုနှစ်က အရှေ့အလယ်ပိုင်းစစ်ပွဲမှာ သိမ်းပိုက်ခဲ့ပြီး ပါလက်စတိုင်းတွေကလည်း ဂါဇာနဲ့အတူ လွတ်လပ်တဲ့ အနာဂတ်နိုင်ငံတခုရဲ့ အဓိက အခြေခံနယ်မြေတခုအဖြစ် ရှုမြင်ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဇန်နဝါရီ ၁၉ ရက်က အပစ်အခတ်ရပ်စဲရေး စတင် အသက်ဝင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးဟာ အနောက်ဘက်ကမ်းမှာ စစ်ဆင်ရေးတွေကို အရှိန်မြှင့်ခဲ့ပါတယ်။
Source : Reuters