Home
မြန်မာသတင်း
ပြည်တွင်းပဲဈေးကွက် အရောင်းအဝယ်အေးပြီး ပဲအချို့ ဈေးကျ
lusane
·
January 29, 2025
beans 29-01-2025

တရုတ်နှစ်သစ်ကူးပွဲတော် ကာလဖြစ်တဲ့အတွက် ပြည်တွင်းပဲဈေးကွက် အရောင်းအဝယ်အေး နေပြီး အသစ်ဝင်ပဲတွေကြောင့် အိန္ဒိယ ပို့ကုန် မတ်ပဲ နဲ့ ပဲစင်းငုံတွေ ဈေးပြန်ကျဆင်းနေတယ်လို့ ပဲကုန်သည်တွေဆီက သိရပါတယ်။

“တရုတ်နှစ်သစ်ကူးကာလ အရောင်းအဝယ် နည်းနည်းလေး ပြန်ကျသွားတယ်။ ပဲအသစ် တွေလည်း ဝင်ပေမယ့် အဝယ်မလိုက်ဘူး။  ဒီကာလပြီးမှ ပြန်လှုပ်မယ်ထင်တယ်" လို့ ပဲကုန်သည်တယောက်က ပြောပါတယ်။

ဒါ့အပြင် မတ်ပဲက ပြည်ပကို  ရောင်းချတဲ့  FOB ဈေးနှုန်း မြင့်လာပေမဲ့ ပြည်တွင်း ဒေါ်လာ ငွေလဲနှုန်း အကျနဲ့အတူ လိုက်ပါ ကျဆင်းလာတာ တွေ့ရပါတယ်။

ပဲစင်းငုံကလည်း အိန္ဒိယအစိုးရရဲ့ လွတ်လပ်စွာ ပဲတင်သွင်းခွင့် တနှစ်သက်တမ်းတိုးတဲ့ ကြေညာချက်အပြီး အရောင်းသွက်ကာ ဈေးမြင့်လာပေမဲ့ လတ်တလောမှာတော့ ပြန်ကျရိပ်ပြနေတာပါ။

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ရက်ပိုင်းအတွင်း မတ်ပဲက တတန်ကို  ကျပ် ၇၀၀၀၀ ကျော် ဈေးပြန်ကျလာပြီး ပဲစင်းငုံက ကျပ် ၂၀၀၀၀၀ ဝန်းကျင်ထိ ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။

ဇန်နဝါရီ ၂၄ ရက်က မတ်ပဲ FAQ အမျိုးအစား တတန်ကို ကျပ် ၃,၀၈၂,၀၀၀ အထိ ရှိခဲ့တဲ့ ဈေးနှုန်းက၊ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကျပ် ၃,၀၁၀,၀၀၀ ကို ပြန်ကျဆင်းလာပါတယ်။

အလားတူ ပဲစင်းငုံကလည်း ဇန်နဝါရီ ၂၂ ရက်က  Red/RC   အမျိုးအစား တတန်ကို ကျပ် ၃,၀၈၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီး  ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကျပ် ၂,၉၀၀,၀၀၀ ကို ပြန်ကျဆင်းလာပါတယ်။

လာမယ့်နှစ်တွေမှာ အိန္ဒိယက G to G အစီအစဉ်နဲ့ မတ်ပဲ၊ ပဲစင်းငုံကို နှစ်ဆတိုးချဲ့ ဝယ်ယူဖို့ရှိတာကြောင့် ဈေးကွက်အလားအလာ‌ကောင်း ရှိနေပါတယ်။ ပြည်တွင်းအထွက်နှုန်းလည်း လျော့ကျနေတာကြောင့် မတ်ပဲ၊ ပဲစင်းငုံက ဈေးအများကြီး ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်အများစုက သုံးသပ်ထားကြပါတယ်။

ပြည်တွင်းပဲ အထွက်နှုန်း လျော့ကျရခြင်းက ဓာတ်မြေဩဇာ၊ ပိုးသတ်ဈေး၊ စက်သုံးဆီ စတဲ့ သွင်းအားစုစရိတ် အဆမတန် မြင့်တက်နေပြီး တောင်သူတွေ လုံလောက်စွာ အသုံးမပြုနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။

မတ်ပဲ နဲ့ ပဲစင်းငုံကို အိန္ဒိယနိုင်ငံကို အဓိက တင်ပို့နေတာဖြစ်ပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ သီရိလင်္ကာ နိုင်ငံတို့ကိုလည်း တင်ပို့ ရောင်းချနေတာဖြစ်ပါတယ်။

အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၅ သန်းကျော်ကို တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013