Home
မြန်မာသတင်း
အိန္ဒိယက အခွန်လွတ် ပဲတင်သွင်းခွင့် သက်တမ်းထပ်တိုးသဖြင့် ပြည်တွင်း ပဲဈေးနှုန်း မြင့်တက်
DVB
·
January 22, 2025
beans

အိန္ဒိယနိုင်ငံက  မတ်ပဲနဲ့ ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ ကာလကို ၂၀၂၆ ခုနှစ် မတ်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တာကြောင့် ပြည်တွင်း ပဲဈေးနှုန်း‌တွေ မြင့်တက်လာပါတယ်။

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဈေးကွက်မှာ ဇန်နဝါရီ ၂၀ ရက်က မတ်ပဲ FAQ အမျိုးအစား တတန်ကို ကျပ် ၂,၉၇၇,၀၀၀ ရှိခဲ့တဲ့ ဈေးနှုန်းက၊ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ကျပ် ၃,၀၇၇,၀၀၀ အထိ မြင့်တက်လာပါတယ်။

အလားတူ ပဲစင်းငုံကလည်း ဇန်နဝါရီ ၂၀ ရက်နေ့က ပဲစဉ်းငုံ  Red/RC   အမျိုးအစား တတန်ကို ကျပ် ၂,၈၈၈,၀၀၀ ရှိခဲ့တဲ့ ဈေးနှုန်းက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ကျပ် ၃,၀၈၈,၀၀၀ အထိ မြင့်တက်လာပါတယ်။

ရက်ပိုင်းအတွင်း မတ်ပဲ တတန်ကို ကျပ် ၁ သိန်းခန့်မြင့်တက်လာပြီး ပဲစင်းငုံဈေးက  တတန်ကို ကျပ် ၂ သိန်းထိ မြင့်တက်လာတာပါ။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံကို  မတ်ပဲနဲ့ ပဲစင်းငုံ‌ အဓိကတင်ပို့နေတဲ့  နိုင်ငံဖြစ်တာကြောင့် အခု ပဲတင်သွင်းခွင့်သက်တမ်းတိုးမြှင့်မှုအရ မြန်မာ့ပဲစိုက်တောင်သူတွေနဲ့ ပဲတင်ပို့သူတွေအတွက်  ဈေးကွက်အလားအလာကောင်း ရှိလာတယ်လို့ ပဲ‌ကုန်သည်တယောက်က ဆိုပါတယ်။

လက်ရှိမှာလည်း  မြန်မာ-အိန္ဒိယ နားလည်မှုစာချုပ် (MoU) အရ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ မတ်ပဲ တန်ချိန် ၂ သိန်းခွဲနဲ့  ပဲစင်းငုံတန် ၁ သိန်းကို နှစ်စဉ် တင်ပို့ခွင့်ရရှိထားပါတယ်။

ဒါ့အပြင် အဆိုပါ MOU သက်တမ်းကုန်ဆုံးမယ့် ၂၀၂၆ ခုနှစ်ကစပြီး တနှစ်ကို  မတ်ပဲ တန်ချိန် ၅ သိန်းနဲ့  ပဲစင်းငုံ ၂ သိန်းထိ တိုးမြှင့်တင်ပို့နိုင်ဖို့ကိုလည်း ထပ်မံရေးထိုးမယ့် MOU  မှာ ထည့်သွင်းချုပ်ဆိုဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013