မြန်မာပြည်တွင်းက စက်ရုံ အလုပ်ရုံတွေမှာ အမျိုးသမီးလုပ်သားတွေအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း အကြမ်းဖက်ခံရတာတွေကို ထိထိရောက်ရောက် တိုင်ကြားအရေးယူနိုင်တဲ့ အခြေအနေ မရှိဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်တာ ကာလအတွင်း ပြည်တွင်းက စက်ရုံ အလုပ်ရုံတွေမှာ အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ပိုများလာတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
လုပ်ငန်းခွင်တွေမှာ ဥပဒေပိုင်းအရ ခံစားခွင့်တွေ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက် အပြည့်အဝ မရတာ၊ လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့ ခွင့်ရက်၊ ငွေကြေး ခံစားခွင့်မရတာ၊ အလုပ်သမား သဘောဆန္ဒ မပါဘဲ အချိန်ပိုတွေ အဓမ္မ စေခိုင်းခံရတာတွေ အများဆုံး ကြုံရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူတယောက်က “စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ လုပ်ခလစာနဲ့ တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ မကိုက်ညီလို့ လုပ်ခလစာ တိုးတောင်းတဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားတွေတောင်မှ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အများသူငါ စိတ်အနှောင့်အယှက် ဖြစ်စေမှုဆိုပြီး ပုဒ်မပေါင်းစုံတပ်ပြီး ထောင်ချနေချိန်မှာ ကျမတို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေက ဘယ်နေရာမှ တိုင်ကြားလို့လည်း မရဘူး။ တိုင်ကြားလည်း ဘယ်သူမှ ဖြေရှင်းပေးတာ မရှိဘူး။ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို လက်လှမ်းမီအောင် ပြောပြတယ်။ ကျမတို့ ကူညီနိုင်တာ ကူညီဆောင်ရွက်ပေးတယ်။ ဥပဒေအရတော့ ဘယ်နေရာမှ ဖြေရှင်းမှုမရှိဘူး။ တိုင်ကြားလည်း ဘာမှ လုပ်မပေးနိုင်တဲ့ အခြေအနေမျိုးမှာ ရှိတယ်” လို့ ပြောပါတယ်။
အထည်ချုပ်စက်ရုံတွေမှာ အချိန်ပိုကြေးကို ဥပဒေနဲ့အညီ မပေးတာ၊ အလုပ်သမားတွေဆီက သတ်မှတ်စံချိန်တွေ တိုးတောင်းတာ၊ ၃ လပြည့်ပေမဲ့ အမြဲတမ်းဝန်ထမ်း မခန့်တာ၊ အထက်လူကြီး စူပါ၊ အောစူပါ၊ ခေါင်းဆောင်တွေက ဆဲဆို ကြိမ်းမောင်းတာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စစ်တပ် အာဏာမသိမ်းခင်ကာလမှာလည်း စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိခဲ့ပေမဲ့ အဲဒီကာလမှာ အလုပ်သမားသမဂ္ဂအဖွဲ့တွေ ရှိတာကြောင့် တိုင်ကြားရေး ယန္တရားက အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်တာဝန်ရှိသူတယောက်က “အခု လုပ်ငန်းခွင်ထဲမှာဆိုရင် အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်လို့ မဆွေးနွေးရဲဘူး။ ဆွေးနွေးတဲ့သူဆို အဖမ်းခံရတာတွေ၊ တက်ကြွတဲ့ ခေါင်းဆောင်တွေဆိုရင် စစ်ဆေးခံရတာတွေ လုပ်တယ်။ အလုပ်ရှင်တွေက တက်ကြွတဲ့ ခေါင်းဆောင်တွေဆိုရင် အမျိုးမျိုး ဖိအားပေးတယ်။ အလုပ် မထွက်ထွက်အောင် ခြိမ်းခြောက်တယ်။ အဲ့လိုမျိုး လုပ်တဲ့အခါကျတော့ အလုပ်သမား ခေါင်းဆောင်တွေ၊ အလုပ်သမားအရေး လုပ်တဲ့သူတွေက ဘာမှ မလုပ်ရဲကြတော့ဘူး။ အဲဒါကြောင့် လုပ်ငန်းခွင်ထဲ ဖိအားပေးတာတွေ များလာတယ်။ အလုပ်သမားတွေကို ဆဲဆိုတာက အဓိက ဖြစ်လာတယ်။ ဖိအားပေး ခြိမ်းခြောက်တာတွေက လုပ်ငန်းခွင်မှာ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ အခြေအနေပေါ့”လို့ ပြောပါတယ်။
တခြားလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ရင် အထည်ချုပ်လုပ်ငန်းမှာ အမျိုးသမီး အလုပ်သမားတွေရဲ့ ပါဝင်မှုက ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ရှိပြီး လုပ်ငန်းခွင်တွင်း အကြမ်းဖက်ခံရမှုနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေကလည်း အဆိုးဆုံး ကြုံနေရပါတယ်။
ပြည်တွင်းက အမျိုးသမီး အလုပ်သမားတွေဟာ အဓမ္မ အလုပ်စေခိုင်းခံရမှု၊ လုပ်အား ခေါင်းပုံဖြတ်မှု၊ ခြိမ်းခြောက်ခံရမှုတွေနဲ့ အလုပ်သမားအခွင့်အရေး ပြောင်ပြောင်းတင်းတင်း ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဇွဲသစ်