Home
နိုင်ငံတကာ
တာလီဘန်က အမျိုးသမီးများကို လူအဖြစ်မမြင်ဟု နိုဘယ်လ်ဆုရှင် မာလာလာ ဝေဖန်
DVB
·
January 13, 2025
Photo: REUTERS/Salahuddin

အာဖဂန်နစ္စတန်နိုင်ငံရဲ့  တာလီဘန်အစိုးရဟာ အမျိုးသမီးတွေကို လူသားအဖြစ် မရှုမြင်ကြဘူးလို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာလာလာ ယူဆက်ဖ်ဇိုင်းက အပြည်ပြည်ဆိုင်ရာ ညီလာခံတခုမှာ ပြောကြားလိုက်ပါတယ်။

တာလီဘန်အစိုးရရဲ့ အမျိုးသမီးတွေအပေါ်  ဖိနှိပ်ရေးမူဝါဒကို ဆန့်ကျင်ကြဖို့အတွက် မာလာလာက မွတ်စလင် ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တာပါ။

အမျိုးသမီးတွေ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့်ကိုပါ တားမြစ် ပိတ်ပင်ထားတဲ့ တာလီဘန်တွေရဲ့ မူဝါဒက အစ္စလာမ်နဲ့ဘာမှမဆိုင်သလို ဘာသာရေးနဲ့ ဖုံးကွယ်ထားတာသာ ဖြစ်တယ်လို့လည်း မာလာလာက ဆိုပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေရဲ့  ပညာသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အသက် ၁၅ နှစ်အရွယ် မာလာလာက ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် တာလီဘန်သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့ပါတယ်။

အဲဒီနောက် မာလာလာ ဟာ ပါကစ္စတန်ကနေ ဗြိတိန်နိုင်ငံကို ပြောင်းရွှေ့ခဲ့ရပြီး ၁၇ နှစ်အရွယ်မှာတင် အသက်အငယ်ဆုံး နိုဘယ်လ်ဆုရှင် ဖြစ်လာခဲ့ပါတယ်။

အခုအသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ မာလာလာက “တာလီဘန်တွေဟာ တားမြစ်ဥပဒေအပေါ်  ဖောက်ဖျက်ရဲတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ ရိုက်နှက်တာနဲ့ အန္တရာယ်ပေးတာမျိုးအထိပြုလုပ်လေ့ရှိတယ်”လို့ မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် အာဖဂန်၊ ယီမင်နဲ့ ဆူဒန်နိုင်ငံတို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် မိန်းကလေးတွေရဲ့  အနာဂတ်တခုလုံး ခိုးယူခံထားရတယ်လို့ ဖြည့်စွက်ပြောပါတယ်။

အဲဒီ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တာလီဘန်အစိုးရက ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမဲ့ အာဖဂန်ယဉ်ကျေးမှုနဲ့ အစ္စလာမ္မစ်ဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစားမှုရှိကြောင်း တာလီဘန်အစိုးရက ပြောဆိုခဲ့ဖူးပါတယ်။

ဒါဟာ မွတ်စလင်နိုင်ငံတွေက အမျိုးသမီးပညာရေးနဲ့ ပတ်သက်ပြီး ထိပ်သီးညီလာခံတခုကို ပါကစ္စတန်မှာ ၂ ရက်တာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်အစိုးရ အပါအဝင် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ (OIC) နဲ့ မွတ်စလင်ကမ္ဘာ့အဖွဲ့ချုပ်တို့က ပူးပေါင်းကျင်းပတဲ့ညီလာခံမှာ တာလီဘန်ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်လာခြင်းတော့ မရှိပါဘူး။

၂၀၂၁ ခုနှစ်အတွင်း အာဖဂန်နိုင်ငံမှာ အာဏာပြန်ရလာခဲ့တဲ့ တာလီဘန်တွေကို နိုင်ငံတကာက တရားဝင် အစိုးရအဖြစ် အသိအမှတ်တာမျိုး မရှိသေးပါဘူး။

အနောက်နိုင်ငံတွေကတော့ အမျိုးသမီးတွေအပေါ်  ကန့်သတ် ချုပ်ချယ်ထားတဲ့ တာလီဘန်မူဝါဒတွေကို အရင်ပြောင်းလဲဖို့ လိုအပ်တယ်လို့သာ ပြောဆိုထားပါတယ်။

အာဖဂန်နစ္စတန်ဟာ အလယ်တန်းကစလို့ အထက်တန်းနဲ့  အဆင့်မြင့်ပညာရေးအထိ အမျိုးသမီးတွေကို သင်ယူခွင့်ပိတ်ထားတဲ့ ကမ္ဘာပေါ်မှာ တခုတည်းသော နိုင်ငံဖြစ်ပြီး ကျောင်းသွားခွင့်မရတဲ့ အမျိုးသမီးပေါင်း ၁ သန်းခွဲလောက် ရှိနေပြီဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013