တောင်ကိုရီးယားနိုင်ငံကို ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားအတွက် အမျိုးသမီးတွေပါ သွားရောက်လုပ်ကိုင်နိုင်မယ့် အလုပ်လျှောက်လွှာကို ဇန်နဝါရီ ၂ ရက် ဒီနေ့မှာ စတင်ထုတ်ပေးနေတယ်လို့ ကိုယ်တိုင်သွားရောက်ထုတ်ယူခဲ့သူတွေဆီက သိရပါတယ်။
၁၆ ကြိမ်မြောက် EPS-Topik စာမေးပွဲနဲ့ အခြေခံကျွမ်းကျင်မှု စစ်ဆေးတာ အောင်မြင်ခဲ့တဲ့သူတွေကို ဝန်ဆောင်မှုလုပ်ငန်းအုပ်စု ၁ နဲ့ ကုန်ထုတ်လုပ်ငန်း (ပထမအသုတ်) အတွက် အလုပ်လျှောက်လွှာကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံခန်းမမှာ ထုတ်ပေးတာ ဖြစ်ပါတယ်။
အဲဒီစာမေးပွဲကို ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားအတွက် အမျိုးသမီးတွေကို ပထမဆုံး ဝင်ရောက်ဖြေဆိုခွင့် ပြုခဲ့ရာမှာ အယောက် ၃,၀၀၀ နီးပါး စာမေးပွဲအောင်မြင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ကိုယ်တိုင်အလုပ်လျှောက်လွှာထုတ်ခဲ့တဲ့ အမျိုးသမီးတယောက်က “ကိုရီးယားကို အမျိုးသမီးတွေ ပထမဆုံး သွားခွင့်ရမှာဆိုတော့ ရင်တော့ခုန်တယ်။ ဒီနေ့ လျှောက်လွှာလာထုတ်တဲ့သူလည်း တော်တော်များတယ်။ အလုပ်ခေါ်စာ မြန်မြန်ကျဖို့တော့ မျှော်လင့်ရတာပဲ” လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံကို တခြားနိုင်ငံတွေက အမျိုးသမီးလုပ်သားစေလွှတ်တာ ရှိခဲ့ပေမဲ့ မြန်မာနိုင်ငံအနေနဲ့က အခု ပထမဆုံး ခွင့်ပြုတာလည်း ဖြစ်ပါတယ်။
အရင်က EPS စနစ်နဲ့ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း အမျိုးအစားတွေအတွက် အမျိုးသားတွေကိုပဲ တောက်လျှောက်စေလွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အမျိုးသားလုပ်သားတွေကို စေလွှတ်ရာမှာ ပညာအရည်အချင်းသတ်မှတ်ချက် မရှိပေမဲ့ အမျိုးသမီးတွေကိုတော့ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေကိုပဲ စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ပေးကာ ကန့်သတ်ထားတယ်လို့ ကိုရီးယားဘာသာသင်တန်း နည်းပြတယောက်က ဆိုပါတယ်။
အလုပ်လျှောက်လွှာထုတ်ထားသူတွေအနေနဲ့ ဇန်နဝါရီ ၈ ရက်မှာ အလုပ်လျှောက်လွှာ ပြန်တင်ရမှာဖြစ်ပြီး အလုပ်လျှောက်လွှာတင်တိုင်းလည်း တောင်ကိုရီးယားကို သွားရောက်လုပ်ကိုင်ခွင့်ရမယ်လို့ အာမမခံကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က အသိပေးထားပါတယ်။
လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၇၀,၀၀၀ ကျော် ရောက်ရှိ လုပ်ကိုင်နေကြတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။