မိန်းမသားတယောက်ဖြစ်ရတာ တကယ်ပဲ ကြောက်စရာကောင်းသလား။ အမေရိကန်နိုင်ငံလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝနီးပါး ရရှိနေတဲ့ နိုင်ငံမှာတောင် နိုင်ငံတွင်းက ယဉ်ကျေးမှုနဲ့ ထင်ရှားတဲ့ မီဒီယာတွေမှာ အမျိုးသမီးတွေအပေါ်မှာ မျက်နှာသာမပေးတဲ့ သမိုင်းကြောင်းတွေ ရှိနေပါတယ်။
ဒါပေမဲ့ အမျိုးသမီးတွေရဲ့ဘဝနဲ့ ပတ်သက်လို့ သိသိသာသာ ဆိုးရွားနေကြောင်းကိုတော့ ဒီနေ့ခေတ်မှာ လွှမ်းမိုးနေတဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ သတင်းအချက်အလက်တွေကနေ မမြင်ချင်မှအဆုံး ပလူပျံနေတာကို တွေ့ရပါတယ်။
နာမည်ကျော် ‘ဘာဘီ’ ရုပ်ရှင်ထဲက အမေရိကာဖယ်ရယ်ရာရဲ့ ပြောစကားလိုပါပဲ “မိန်းမသားတယောက်ဖြစ်ဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး” တဲ့။
အပျိုဖော်ဝင်စအချိန်နဲ့ ဆယ်ကျော်သက်ဘဝဆိုတာ တဘဝလုံးဖြတ်ကျော်ရမယ့် အတားအဆီးတွေလို့ သတ်မှတ်ထားကြပါတယ်။ လိင်အကြမ်းဖက်မှုကြောင့် မလိုချင်ဘဲရလာတဲ့ ကိုယ်ဝန်အကြောင်းနဲ့ ပတ်သက်လို့ လူအချင်းချင်းကပဲ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ အမျိုးသမီးဖြစ်ခြင်းကို အလေးအနက်ထားကြရပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ဇာတ်လမ်းတွေကြောင့် ပိုမိုဆိုရွားလာတာ တွေ့ရသလို “အစွန်းရောက်ဖိုဝါဒ” ရဲ့ သားကောင်ဖြစ်တဲ့ မိန်းကလေးတွေဟာ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရကြောင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခံရကြောင်းကို မကြာခဏ အသိပေးခံရလေ့ရှိပါတယ်။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေအကြားမှာ လုပ်ခလစာကွာဟမှုနဲ့ ကလေးစောင့်ရှောက်နိုင်မှု မရှိကြောင်းတွေကို ကြားသိကြရမှာပါ။
အဲဒီလို အဆိုးမြင်မှုတွေဟာ အမေရိကန်နိုင်ငံမှာတော့ လိင်မှုကျူးလွန်ခြင်း မှတ်တမ်းများရှိသူ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုတိယအကြိမ် ရွေးချယ်ခံရခြင်းကြောင့် ပိုမိုထင်ရှားလာပါတယ်။
ဒေါ်နယ်ထရမ့်ပ်ရဲ့ တကျော့ပြန် ရွေးကောက်ပွဲအောင်နိုင်ခြင်းဟာ အမျိုးသမီးတွေရဲ့ ဆုတ်ယုတ်မှု၊ ကမ်မယ်လာဟဲရစ်ရဲ့ ရှုံးနိမ့်မှုဟာ အမြစ်တွယ်နေတဲ့ မိန်းမမုန်းတီးခြင်းရဲ့ ရောင်ပြန်ဟပ်မှုအဖြစ် ရှုမြင်ကြပါတယ်။
အဲဒီအဖြစ်အပျက်တွေကြောင့် မိန်းကလေးတွေဟာ သူတို့ရဲ့ နေ့စဉ်ဖြစ်တည်မှုနဲ့ အနာဂတ်အတွက် ရင်တမမ ဖြစ်နေခဲ့ကြပုံပါပဲ။ တကယ်ဆိုရင် အမျိုးသမီး ၄၅ ရာခိုင်နှုန်းလောက်က ထရမ့်ပ်ကို မဲပေးခဲ့ကြတာမို့လို့ ကျန်တဲ့မိန်းကလေးတွေက ဘာမှမတတ်နိုင်တော့ပါဘူး။ ‘The Atlantic’ ရဲ့ စာရေးသူတယောက် ပြောထားသလိုပြောရရင် “ကျန်တဲ့အမျိုးသမီး ၅၅ ရာခိုင်နှုန်းက သူတို့ကိုယ်တိုင်ရဲ့ ဖြစ်တည်မှုကို ခြောက်လှန့်နေတယ်လို့ ခံစားရတဲ့နိုင်ငံမှာ နေနေကြရပါတယ်။ ဒီလို မနှစ်မြို့စရာ အခြေအနေတွေကြားမှာ ဘယ်မိန်းကလေးက သူတို့ရဲ့ လိင်ဖြစ်တည်မှုအတွက် နောင်တမရ မညည်းညူဘဲ နေနိုင်ကြပါလိမ့်မလဲ။”
မိန်းကလေးတွေ စိတ်ပျက်အားငယ်နေခဲ့တာလည်း ကြာပါပြီ။ အမေရိကန်နိုင်ငံက ၂၀၂၃ စစ်တမ်းတွေအရဆိုရင် မိန်းကလေး ၁၇,၅၀၀ လောက်ဟာ ၂၀၁၇ ကစလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းနေခဲ့ပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှု ရေချိန်တွေဟာလည်း မြင့်တက်လာပါတယ်။
ရောဂါကာကွယ်ထိန်းသိမ်းရေး ဌာနတွေရဲ့ ထုတ်ပြန်ချက်အရ မိန်းကလေး ၅၃ ရာခိုင်နှုန်းလောက်ဆီမှာ စိတ်ဓာတ်ကျနေတဲ့လက္ခဏာ တွေ့လာရပါတယ်။ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ အကြောင်းရင်းများစွာ ရှိပါတယ်။ အဲဒီအထဲမှာ မိန်းကလေးတွေဟာ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ပတ်သက်လို့ မရှုမြင် မသုံးသပ်နိုင်ဘဲ ပူပန်ထိတ်လန့်နေကြတဲ့ ပြဿနာတွေလည်း ပါပါတယ်။
လေ့လာတွေ့ရှိချက်တွေ များစွာထဲကမှ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ အထူးသဖြင့် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် ရှင်သန်ရုန်းကန်နေကြရပါတယ်။ (အခြားဆန့်ကျင်ဘက်လိင်တွေကတော့ အမျိုးသမီးတွေလောက် မဟုတ်ပါဘူး။)
တရားဥပဒေနဲ့ လူမှုရေးတိုးတက်လာခဲ့တဲ့ နှစ် ၅၀ အကျော်ထိ အမျိုးသမီးတွေအတွက် ခက်ခဲနေခြင်းက အမေရိကမှာ အမျိုးသမီးတယောက် ဖြစ်ရခြင်းရဲ့ အခြေအနေကို အကောင်းဆုံး မီးမောင်းထိုးပြနေတဲ့ အချိန်ပါပဲ။
ကျမတို့ရဲ့ယဉ်ကျေးမှုက မိန်းမဖြစ်ခြင်းကို ပြဿနာတရပ်အဖြစ် ဆက်လက်ဖော်ပြနေတာဟာ ပင်ကို သန်မာကြံ့ခိုင်သူတွေထက် မိန်းကလေးငယ်တွေအပေါ် သက်ရောက်မှု ပိုရှိစေပါတယ်။ အခုချိန်ဟာ ပိုမိုထိရောက်တဲ့ အားပေးတိုက်တွန်းမှုအတွက် စဉ်းစားစရာအချိန်လည်း ဖြစ်ပါလိမ့်တယ်။ အမျိုးသမီးများအနေနဲ့ မိန်းကလေးငယ်တွေရဲ့ဘဝမှာ ကြားသိရမယ့် အသိပညာပေးစကားတွေဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကို သိနားလည်ကြပါတယ်။ အခုချိန် အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုနဲ့ သိပ်မကွာသေးတဲ့ ကျမ ဆယ်ကျော်သက်အရွယ်ကဆိုရင် မိန်းကလေးငယ်တွေရဲ့ သိမ်ငယ်မှုအကြောင်းနဲ့ ပတ်သက်လို့ တခါမှ မလေ့လာခဲ့ရဘူး။
ကျမ ကလေးဘဝတုန်းကလည်း မိန်းကလေးတယောက် ဖြစ်ရတာဟာ အားသာချက်လား အားနည်းချက်လား ဆိုတာကို မတွေးခဲ့ဖူးပါဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုတွေးရကောင်းမှန်းကို မသိခဲ့တာပါ။ အမျိုးသမီးတွေကို ဖယ်ချန်ထားချင်တဲ့ နယူးယောက်လိုနေရာမှာ ကျမတို့က မသိနားမလည်တဲ့ ကလေးတွေပဲ ဖြစ်ခဲ့ကြပေမဲ့ ဒီထက်ပိုပြီး အမြင်ပွင့်လင်းတဲ့ အသိုက်အဝန်းမှာသာဆို ကျမတို့ဟာ ပိုပြီးသာလွန်တဲ့သူတွေ ဖြစ်ခဲ့မှာပါ။
၁၉၇၀ ပြည့်နှစ်တွေတုန်းက အပူပင်ကင်းတဲ့ ကလေးတွေအကြောင်း အများက ပြောကြတယ်။ ဒုတိယတန်းအရွယ် ကလေးတွေက ‘Peanuts’ ရုပ်ပြကာတွန်းထဲက ဇာတ်ကောင်တွေလိုမျိုး ကျောပိုးအိတ်လေးတွေလွယ်၊ ကျောင်းကို တယောက်တည်း လမ်းလျှောက်သွားကြပြီး ညစာစားခါနီးမှသာ အိမ်ပြန်လေ့ရှိကြတာမျိုးပေါ့။ ကလေးမလေးတွေက ပိုပြီး အပူပင်ကင်းကင်းနဲ့ ပေါ့ပါးလွတ်လပ်ခဲ့တယ် ဆိုတာမျိုး ပြောသံတော့ မကြားမိပါဘူး။ ကျမငယ်ငယ်ကဆိုလည်း ကျမဟာ မိန်းကလေးဆန်ရဲ့လား၊ မိန်းကလေးတယောက်အဖြစ် အပြည့်အဝ နေထိုင်နေရဲ့လား ဆိုတာကို တခါမျှ မစဉ်းစားခဲ့ပါဘူး။ ကျမအစ်ကိုတွေဝတ်သလို ကော်လံထောင် ယောကျ်ားလေးအင်္ကျီနဲ့ ဘောင်းဘီတွေကိုတော့ ကျမ အမြဲလိုလို ဝတ်ခဲ့ပါတယ်။
ရုပ်သံအစီအစဉ်တွေဖြစ်တဲ့ “Sesame Street” နဲ့ “Free to Be You and Me” မှာ ယောက်ျားလေးနဲ့ မိန်းကလေးရဲ့ ကွာခြားချက်တွေကို မသိမသာ ထည့်သွင်းပြောဆိုထားပြီး ၁၉၆၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် “How Babies Are Made” စာအုပ်မှာ ဖော်ပြထားတဲ့ သားသမီး မျိုးဆက်ပွားရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်နေပါတယ်။
ဒါတွေဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်ဆိုတာ ကျမ တကယ်ကို မသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ တိုက်ပွဲတွေ အနိုင်ရပြီးသွားပြီလို့ ထင်ခဲ့လို့ပါ။ နှစ် ၃၀ ကြာပြီးနောက်၊ ကျမသမီးလေးရှိလာတဲ့အခါမှာ သမိုင်းတလျှောက်လုံး ခက်ခဲဆင်းရဲစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအကြောင်း ကလေးစာအုပ်သစ်အများအပြား ပေါ်ထွက်လာတာကို အံ့ဩမိတယ်။ ဒါပေမဲ့ ကျမသမီးကို အသံထွက်ဖတ်ပြဖို့ စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။
“မိန်းကလေးတွေကို ယောက်ျားလေးတွေထက် နိမ့်ကျတယ်လို့ သဘောထားခဲ့တဲ့ အယူအဆကို ငယ်ရွယ်တဲ့ ကလေးတယောက်ကို မိတ်ဆက်ပေးရမှာလား” ဆိုတဲ့ အတွေးကြောင့်ပါ။
ကျမသမီးကို သာမန်လူတယောက်လို မခံစားရစေဘဲ မကောင်းတဲ့ခံစားချက်တွေနဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားအောင် ကျမ မလုပ်ချင်ဆုံးမို့ပါ။ သမီးဟာ အားနည်းတဲ့သူမဟုတ်ဘူး ဆိုတာကို သူသိအောင် ပြောပြနေစရာမလိုဘဲ သမီးရဲ့ ပင်ကိုသိစိတ်မှာကိုက သန်မာပြီးသားလို့ ခံယူထားစေချင်တာပါပဲ။
ကျမအမြင်မှာတော့ “မိန်းကလေးခွန်အားတန်ခိုး” (girl power) ဆိုတဲ့ ပိုစတာတွေနဲ့ “အမျိုးသမီးအခွင့်အာဏာရရှိရေး” (women empowerment) ဆိုတဲ့ တိုက်တွန်းမှုတွေဟာ အမျိုးသမီးတွေရဲ့ ကာကွယ်ခုခံမှုနဲ့ စိတ်ဓာတ်ကျမှုတွေကို မသိမသာ ပေါ်လွင်စေပါတယ်။
ကတ်သရင်းဟပ်ဘန်း ပြောဖူးတဲ့ သူ့ကလေးဘဝက ဖြစ်ရပ်လေးတခုကို ကျမ မကြာခဏ တွေးမိတယ်။ ငယ်ရွယ်တဲ့ ကတ်သရင်းလေး အပင်မြင့်တပင်ပေါ် တက်နေတာကိုမြင်တဲ့ အိမ်နီးချင်းတယောက်က ကတ်သရင်းလေးရဲ့အမေဆီကို အလန့်တကြားပြေးသွားပြီး “ကတ်သီက အပင်ရဲ့ ထိပ်ဆုံးမှာ” အော်ပြောတယ်တဲ့။
“ဟုတ်တယ် ကျမသိတယ်၊ သူလန့်သွားအောင် သွားမပြောနဲ့၊ အဲဒါ အန္တရာယ်ရှိမှန်း သူမသိဘူး” ဆိုပြီး ကတ်သရင်းရဲ့အမေက ပြန်ပြောခဲ့ပါတယ်။
ကျမအစ်ကိုတွေနဲ့ လက်မောင်းလှဲတိုင်းကစားတုန်းက ကျမ သူတို့ကို လှဲမချနိုင်တော့ဘဲ အဆုံးမှာ ကျမပဲ ရှုံးသွားတာကိုလည်း ထင်ထင်ရှားရှား မှတ်မိနေပါသေးတယ်။ (ပြစ်ဒဏ်ကတော့ နိုင်တဲ့သူက ရှုံးတဲ့သူရဲ့ မျက်နှာပေါ်ကို တံတွေးထွေးရတာပါပဲ။)
ကျမရဲ့ ဇီဝဖြစ်စဉ်အရ အားနည်းချက်တွေနဲ့ပတ်သက်လို့ ခေါင်းထဲရိုက်သွင်းခံရတာမျိုး မရှိခဲ့တာကြောင့် ကျမရဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုက ကျမအတွက် အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။
၁၉၇၀ ပြည့်နှစ်တွေမှာ လိင်ဖြစ်တည်မှုအပေါ် မူတည်ပြီး တယူသန်အစွဲထား ခွဲခြားဆက်ဆံကြသူတွေကို လွတ်လပ်တဲ့တွေးခေါ်မှုရှိတဲ့ လူမှုအသိုက်အဝိုင်းတွေက ဖယ်ကြဉ်ခဲ့ကြပါတယ်။
အမျိုးသမီးတွေ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က တန်းတူညီမျှမှု အပြည့်အဝရရှိဖို့ ဖြစ်ပြီး ကျား/မ ဇီဝဖြစ်စဉ် ကွာခြားချက်တွေကို အလေးထားခြင်းဟာ အမျိုးသမီးတွေရဲ့ ရည်ရွယ်ချက် မပေါက်မြောက်အောင် ဟန့်တားနေတာဖြစ်တယ်လို့ ယူဆလေ့ရှိကြပါတယ်။
အဲဒီခံယူချက်မှာ ပါဝင်တဲ့ “အမျိုးသားများနှင့် တန်းတူအခွင့်အရေးရလိုသည့် အမျိုးသမီးဝါဒ” ဆိုတဲ့ အယူအဆနဲ့အညီ နေအိမ်တွင်းနဲ့ လူ့အဖွဲ့အစည်းတွေမှာ တန်းတူညီမျှသော ဆက်ဆံရေးကို တောင်းဆိုတဲ့ အမျိုးသမီးတွေဟာ ကျား/မ ဇီဝဖြစ်စဉ် ကွာခြားချက်တွေကို ပြောဆိုဖို့တော့ တွန့်ဆုတ်ခဲ့ကြပါတယ်။ တလွဲအသုံးချခံရမှာကို စိုးရိမ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။
အဲဒီအကြောက်တရားတွေကို စွန့်လွှတ်ပြီး တနည်းတွေးကြည့်ရမယ်ဆိုရင် ပင်ကိုသဘာဝ ကျား/မ ကွာခြားချက်တွေနဲ့ ပတ်သက်လာတဲ့အခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ရုပ်ပိုင်းဆိုင်ရာ အားနည်းပေမဲ့ အခြေခံအားဖြင့် ကျန်တဲ့အရာတွေမှာ အားနည်းတာ မဟုတ်ဘူးလို့ ခံယူရမှာ ဖြစ်ပါတယ်။
ဒီကနေ့အထိ ဂျန်ဒါအရ ကွဲပြားခြားနားချက်တွေကို အကြီးအကျယ် အဆိုးမြင်နေကြတုန်းပါပဲ။ ကျမတို့ရဲ့ ကိုယ်ခန္ဓာကြောင့် ကျမတို့ဟာ ဒုက္ခရောက်လိမ့်မယ်လို့ ယူဆနေကြတုန်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးဟော်မုန်းတွေဟာ တာဝန်သိမှုမရှိခြင်း၊ တည်ငြိမ်မှုမရှိခြင်းနဲ့ တုံ့ပြန်မှုအားကောင်းခြင်းတို့ရဲ့ အကြောင်းရင်းဇာစ်မြစ် ဖြစ်တယ်လို့ ယူဆကြပြီး အမျိုးသားဟော်မုန်းတွေကတော့ သက်လုံအားနဲ့ ခွန်အားတွေရဲ့ အရင်းအမြစ်လို့ ယူဆကြပါတယ်။
ဒါပေမဲ့ အမျိုးသားတွေဆီမှာပဲ တွေ့ရတဲ့ တက်စတိုစတီရုန်းဟော်မုန်းက လိင်စိတ်နဲ့ ထိန်းချုပ်နိုင်စွမ်းနည်းတဲ့ အဓမ္မကျူးလွန်စိတ်ကို လှုံ့ဆော်ပေးပြီး အမျိုးသားတွေကိုယ်တိုင်ကို ထိခိုက်ပျက်စီးစေတယ် ဆိုတာလည်း မမေ့သင့်ပါဘူး။ အမျိုးသမီးဟော်မုန်းတွေဟာ စိတ်ခံစားမှု၊ အလွန်အမင်း တုံ့ပြန်မှု၊ ရင်းနှီးဆက်နွယ်မှု၊ စာနာမှု၊ လိင်မှုတွေနဲ့ ပတ်သက်လို့ ထိန်းညှိနိုင်စွမ်းရှိတဲ့ အချက်ကိုတော့ လျစ်လျူရှုထားကြပါတယ်။ အဲဒီလို အံ့ဖွယ်အရည်အသွေးတွေကို အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း သတိမထားမိကြပါဘူး။
မိန်းမတွေရဲ့ အကြီးမြတ်ဆုံး ခွန်အားဖြစ်တဲ့ လူသားတွေ လူ့လောကထဲရောက်လာအောင် မွေးထုတ်ပေးရတဲ့ အချက်ကိုတောင်မှ အားနည်းချက် အကန့်အသတ်တခုအဖြစ် သတ်မှတ်ခံရလေ့ ရှိပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိခြင်းနဲ့ ရရှိဖို့ခက်ခဲတဲ့ ကိုယ်ဝန်ကို ကြိုးစားရယူခြင်း နှစ်ခုလုံးရဲ့တာဝန်ဟာ အမျိုးသမီးတွေအပေါ်ပဲ ပုံကျတာဖြစ်ပြီး အဲဒီအခွင့်အရေးနဲ့ပတ်သက်တဲ့ မိန်းမတွေရဲ့ ဆန္ဒကိုလည်း အစိုးရက ငြင်းပယ်ခွင့် ရှိနေပါတယ်။
မိန်းမအားလုံးက ကိုယ်ဝန်ဆောင်ဖို့ မရွေးချယ်ကြသလို အားလုံးဟာလည်း ကိုယ်ဝန်ဆောင်နိုင်ကြတာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးခြင်းဟာ ခက်ခဲပင်ပန်းပြီး အသက်အန္တရာယ်ပါ ဖြစ်စေနိုင်တာကိုတော့ ငြင်းမရပါဘူး။
ဒါပေမဲ့ ကလေးမွေးခြင်းက ခွန်အားတခုကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ အမျိုးသမီးအများစု ကြုံတွေ့ကြရသလိုပဲ ကျမလည်း ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ်ရော စိတ်ပါ ပေါ့ပါးစွာ မနေနိုင်ခဲ့ပါဘူး။ မီးဖွားတဲ့အချိန် နာကျင်မှုကတော့ ပြောမပြတတ်အောင်ပါပဲ။
ဒါပေမဲ့ ထိရောက်တဲ့ ဝေဒနာပျောက်ကင်းဆေးတွေနဲ့ မီးဖွားခြင်းကို သုံးကြိမ်တိုင် ခံနိုင်ရည်ရှိခဲ့ခြင်းဟာ ကျမအတွက် ကြီးမားတဲ့ စွမ်းဆောင်ချက်တခုပါပဲ။ လူ့လောကမှာ ကိုယ်ဝန်ဆောင်ခြင်းလိုမျိုး ကိုယ်ခန္ဓာနဲ့ စိတ်ခံစားမှု အခြေအနေတွေကို အနီးကပ်ဆုံး ခံစားနိုင်တဲ့ အခြားဖြစ်စဉ်တွေမရှိတာ အသေအချာပါပဲ။ ကျမရဲ့ခန္ဓာကိုယ်အတွင်းမှာ အခြားသက်ရှိတခု ပေါက်ဖွားနေတဲ့ အံ့မခန်းဖြစ်စဉ်က ကျမဘဝမှာ အကြီးကျယ်ဆုံးအရာပါပဲ။
ပထမဆုံး ခံစားမိတဲ့ နှလုံးတလှပ်လှပ်ခုန်နေတာတွေ၊ အထဲကနေ ကြို့ထိုးတာနဲ့ ကန်တာတွေရဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေနဲ့အတူ ကျမရဲ့ခန္ဓာအတွင်းမှာ သက်ရှိအရာတခုလုံးကို သယ်ဆောင်ထားရတယ်ဆိုတဲ့ အသိဟာ မယုံနိုင်လောက်အောင် အံ့ဩဖွယ်ဖြစ်ပြီး ကျမတို့ လူသားမျိုးနွယ်တွေရဲ့ ရှင်သန်မှုကို အထင်ရှားဆုံး ခံစားရတဲ့ နည်းလမ်းတခုပါပဲ။ အခုလို မိန်းမဖြစ်ခြင်းရဲ့ ကောင်းကျိုးတွေဟာ တကယ်ကို အံ့မခန်းဖြစ်တယ်ဆိုတာ အမျိုးသမီးတိုင်း သိရှိနားလည်ထားရမှာ ဖြစ်ပါတယ်။
မိခင်နို့ချိုတိုက်ကျွေးခြင်းရဲ့ ဝမ်းသာပီတိကိုလည်း ကျမတို့ပတ်ဝန်းကျင်မှာ သာမန်ကာလျှံကာပဲ သဘောထားကြပါတယ်။ နို့တိုက်ကျွေးမွေးခြင်းရဲ့ ဖိအားများ၊ အခက်အခဲများ၊ မိခင်အားလုံး နို့ချိုတိုက်ကျွေးနိုင်မှု မရှိခြင်းနဲ့ ကလေးအားလုံး နို့စို့နိုင်ခြင်းမရှိတဲ့ လက်တွေ့ကျကျ အခြေအနေတွေကို ကျမတို့ ဆွေးနွေးလေ့ရှိကြတယ်။ မိခင်ရော ကလေးပါ ကျန်းမာစေမယ့် အရာတွေကို ချိန်ဆကြတယ်။
ဒါပေမဲ့ ကိုယ့်သားသမီးကိုယ် ကျွေးမွေးခြင်းကြောင့် နက်ရှိုင်းစိတ်ကျေနပ်မှုကို ခံစားရတာတွေ၊ ကလေးမွေးတဲ့အခါ ထွက်ပေါ်တဲ့ အောက်စီတိုစင်ဆိုတဲ့ ချစ်စိတ်ဟော်မုန်းဟာ မိခင်နဲ့ ကလေးအကြားမှာ ချစ်ခင်ရင်းနှီးမှု ဖြစ်ပေါ်စေတယ် ဆိုတာတွေကိုတော့ အလေးထားဖော်ပြခြင်း မရှိပါဘူး။
အမျိုးသမီးတွေဟာ ကံကောင်းကြပါတယ်။ ဒါပေမဲ့ ကျမတို့ရဲ့ ကံကောင်းမှုနဲ့ ခံနိုင်ရည်စွမ်းကို လူထုဟောပြောပွဲတွေမှာ ဆွေးနွေးဂုဏ်ပြုတာတွေ လုံလုံလောက်လောက် မရှိပါဘူး။ အကြောင်းရင်းတွေထဲက တခုကတော့ အခြားခံယူချက်မတူညီနိုင်တဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ စွမ်းရည်အပေါ်မှာ သံသယမဝင်စေချင်လို့ ဖြစ်နိုင်ပါတယ်။
လက်ရှိမှာ လွှမ်းမိုးနေတဲ့ ယဉ်ကျေးမှုအရ မိန်းမဖြစ်ရခြင်းက ကံဆိုးတယ်ဆိုတဲ့ အယူအဆကို ကျမတို့ အမျိုးသမီးတွေကိုယ်တိုင် မသိလိုက်ဘဲ လက်ခံသဘောတူမိတာမျိုး ဖြစ်တတ်ပါတယ်။ မကောင်းတဲ့အရာတွေကို ခံစားရလို့ဆိုပြီး တကယ်ကောင်းတဲ့အရာတွေ လာတဲ့အခါ ငြင်းပယ်လို့ မဖြစ်ပြန်ပါဘူး။
ကျမတို့ ရွေးချယ်ပြောဆိုခြင်းမရှိတဲ့ အရာတွေဟာလည်း ကျမတို့ ထုတ်ဖော်ပြောဆိုနေကျ အရာတွေလိုပဲ အရေးကြီးလှပါတယ်။ ခေတ်သစ်အမျိုးသမီးလှုပ်ရှားမှုများ စတင်အပြီး နှစ် ၅၀ ခန့် အကြာမှာ ကျမတို့ရဲ့ အားသာချက်တွေကို ပွင့်လင်းမြင်သာစွာ ဂုဏ်ပြုပြောဆိုသင့်နေပါပြီ။ အခြေခံလိင်ပိုင်းဆိုင်ရာ ကွာခြားချက်တွေကို သိနားလည်ခြင်းဟာ မညီမျှမှုတွေကို လက်ခံဖို့ မဟုတ်ပါဘူး။
ကျမသမီးအပေါ် သက်ရောက်မှုရှိတဲ့ မိန်းမဖြစ်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေဟာ ကြောက်ရွံ့တုန်လှုပ်မှု၊ အဆိုးမြင်မှုတွေနဲ့ မိန်းကလေး သို့မဟုတ် အမျိုးသမီးတဦးရဲ့ အခွင့်အရေးရရှိရေးအပေါ် ဆိုးရွားစွာ ဝေဖန်ပြောဆိုနေကြတာတွေပဲ ဖြစ်ပါတယ်။
ကျမအနေနဲ့တော့ အဲဒီလို သတိပေးချက်တွေကို သိပ်မကြုံတွေ့ခဲ့ရသလို အခြားသူတွေ မိန်းမတွေအပေါ်မှာထားတဲ့ ထင်မြင်ယူဆချက်တွေကို ကြောက်လန့်နေရတာမျိုးလည်း သိပ်မရှိခဲ့ပါဘူး။ နောက်ပြီး ကျမကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအပေါ် ပိုပြီး ယုံကြည်မှု ရှိခဲ့တာကလည်း ကျမဟာ ထက်မြက်တဲ့မိန်းမဖြစ်နေတာ မဟုတ်ဘဲ ကျမခံယူချက်က ပုံမှန်ပဲ ဖြစ်နေခဲ့တာကြောင့်ပါ။
လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖိအားတွေဟာ အမေရိကန်လူ့အဖွဲ့အစည်းက အမျိုးသမီးတွေရဲ့ ရပ်တည်မှုအပေါ် ယနေ့တိုင် သက်ရောက်မှုရှိနေဆဲပါပဲ။ ဒါပေမဲ့ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ခံယူချက်ကိုတော့ မပြောင်းလဲစေပါဘူး။ လိင်ပိုင်းဆိုင်ရာ ကွာခြားချက်တွေက အမှန်တကယ်ရှိပေမဲ့ လိင်ကွာခြားမှုနဲ့ပတ်သက်တဲ့ တယူသန်အစွဲတွေကတော့ တကယ်ရှိတာ မဟုတ်ပါဘူး။
မိန်းကလေးငယ်တိုင်းဟာ မိန်းကလေးဆန်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ယူဆပြီးတော့လည်း ကြီးပြင်းလာဖို့ မသင့်ပါဘူး။ သူတို့ရဲ့ ပုံပန်းသွင်ပြင် သို့မဟုတ် ပြုမူနေထိုင်ပုံဟာ သူတို့ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
အမျိုးသမီးငယ်များဟာ မိန်းမမုန်းတီးခြင်းကို သတိပြုမိသင့်သလို မိန်းမမုန်းတီးခြင်းနဲ့ ပတ်သက်ပြီး တုံ့ပြန်ကာကွယ်ဖို့ နည်းလမ်းတွေ ရှိတာကိုလည်း သိထားသင့်ပါတယ်။ အမျိုးသမီးတွေကို အားနည်းတယ်လို့ ယူဆကြပေမဲ့ တကယ်တော့ အမျိုးသမီးတွေက ဩချလောက်အောင် သန်မာတဲ့သူတွေဖြစ်ပြီး မိန်းကလေးငယ်တွေဟာလည်း ပြောစမှတ်ပြုခံရတာတွေထက်ကို ပိုပြီးကြံ့ကြံ့ခံကြောင်း သိထားသင့်ပါတယ်။
အရေးကြီးဆုံးကတော့ မိန်းကလေးငယ်တွေရဲ့ အသိဉာဏ်မှာ မိန်းမဖြစ်ခြင်းကို ဂုဏ်ယူစေဖို့ ဆောင်ရွက်ရမှာဖြစ်တယ်။ သူတို့လေးတွေက မိန်းကလေးအဖြစ် မွေးဖွားလာတာဟာ ကံကောင်းလို့ပဲ ဖြစ်ပါတယ်။
ပါမယ်လာပေါလ်၊ နယူးယောက်တိုင်းမ်
ဘာသာပြန် -ယမင်း
Ref: NY Times
(နယူးယောက်တိုင်းမ်သတင်းဝက်ဆိုက်တွ ဆောင်းပါးရှင် Pamela Paul ရေးသားထားသည့် “A Message for Girls About Womanhood” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ )