Home
မြန်မာသတင်း
ရွေးကောက်ပွဲထက် အကြမ်းဖက်မှုရပ်ရေး ဦးစားပေးလုပ်ရန် မြန်မာစစ်အုပ်စုကို အာဆီယံ တိုက်တွန်း
DVB
·
January 20, 2025
Photo: Asean

ပြည်တွင်းစစ် ပြင်းထန်နေချိန်မှာ မြန်မာစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ဦးစားပေးမလုပ်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြီး ပစ်ခတ်တိုက်ခိုက် အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက  တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခွင့်တွေကို ခွင့်ပြုပေးဖို့ကိုလည်း စစ်ကောင်စီ ကိုယ်စားလှယ်ကို ပြောလိုက်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောပါတယ်။

မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ဇန်နဝါရီ ၁၉ ရက်က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ  ပြောလိုက်တာဖြစ်ပြီး မလေးရှားနိုင်ငံအနေနဲ့ မြန်မာက ဘယ်လိုသဘောထားရှိတယ်ဆိုတာ သိချင်နေတယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

“ရွေးကောက်ပွဲက အားလုံးပါဝင်ရမယ်လို့ ကျနော်တို့ ပြောထားပါတယ်။ ရွေးကောက်ပွဲက ခွဲထွက်လို့မရဘူး၊ သက်ဆိုင်သူအားလုံး ပါဝင်ရပါမယ်။ ရွေးကောက်ပွဲက ကျနော်တို့ရဲ့ ဦးစားပေးမဟုတ်ဘူးလို့လည်း သူတို့ကို ပြောခဲ့ပါတယ်။ ကျနော်တို့ရဲ့ ဦးစားပေးက အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ပါပဲ။”

မလေးရှားနိုင်ငံဟာ ၂၀၂၅ အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူနေတာ ဖြစ်ပြီး လန်ကာဝီမြို့မှာ ဇန်နဝါရီ ၁၈ ရက်က စတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ ဖွင့်ပွဲနဲ့အတူ  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း အော့သ်မန် ဟာရှင်ကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ဒါ့အပြင် ဟာရှင်အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာနိုင်ငံကို မကြာခင်မှာ သွားရောက်ဖို့ ရှိနေတယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆန်က ပြောပါတယ်။

မြန်မာစစ်ကောင်စီကတော့ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပဖို့ ဖိအားပေးပြင်ဆင်နေပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်နိုင်ငံကလည်း ထောက်ခံထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံတကာ ရွေးကောက်ပွဲ စောင့် ကြည့်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ သိပ်မကြာခင်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့  မြန်မာ့နွေဦးတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်သလို မြန်မာ့ပြဿနာ ရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေက မြို့နယ်ပေါင်း ၉၀ ကို သိမ်းပိုက်ထားပြီး တနိုင်ငံလုံးရဲ့ ဧရိယာ  ၅၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားကာ မြန်မာတနိုင်ငံလုံးမှာ စစ်အုပ်စု အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာမှာ ၂၁ ရာခိုင်နှုန်းသာရှိတော့တဲ့ အခြေအနေ၊ ပြည်သူလူထုကို လက်နက်နဲ့ ခြိမ်းခြောက် အဓမ္မမဲထည့်ခိုင်းမယ့်၊ မသမာတဲ့ နည်းလမ်းပေါင်းစုံနဲ့ မဲစာရင်းနဲ့ မဲရလဒ်တွေ လိမ်လည်လုပ်ဆောင်နိုင်မယ့် အခြေအနေ၊ ဂုဏ်သိက္ခာရှိတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေ မဆောင်ရွက်နိုင်တဲ့ အခြေအနေတွေမှာ လုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အဓမ္မ လုပ်ကြံကျင်းပမယ့်  ဟန်ပြရွေးကောက်ပွဲသာ ဖြစ်လာမယ်လို့ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါတယ်။

Source: AFP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013