မြန်မာနိုင်ငံအတွင်းကနေ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေဆီ ထွက်ခွာသူ များပြားလာတာဟာ ရွေးကောက်ပွဲအပေါ် အတိုင်းအတာတခုအထိ သက်ရောက်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ လူဦးရေသန်းခေါင်စာရင်းကောက်ယူရာမှာ လူဦးရေ ၅၁ သန်းကျော်ပဲရှိပြီး ကျဆင်းနေတယ်လို့ ဇန်နဝါရီ ၁၇ ရက်ကလုပ်တဲ့ စစ်ကောင်စီအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။
ပြည်ပကိုထွက်ခွာသူများတာ၊ အကြောင်းအမျိုးမျိုးကြောင့် လူသေဆုံးမှုများတာနဲ့ မွေးဖွားနှုန်း ကျဆင်းတာတွေကြောင့် လူဦးရေကျတာဖြစ်ပြီး ပြည်တွင်းလုပ်သားရှားပါးလာသလို ရွေးကောက်ပွဲကိုပါ ထိခိုက်လာနိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေမျိုးဖြစ်အောင် ဖိဖိစီးစီး ဆောင်ရွက်သွားကြဖို့လည်း စစ်ကောင်စီအဖွဲ့ဝင်တွေကို ပြောဆိုသွားပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုထုတ်ပြန်ကြေညာပြီးတဲ့နောက်မှာ လူငယ်တွေ ပြည်ပနိုင်ငံတွေကိုသွားရောက်တာကိုလည်း လေဆိပ်တွေမှာ ကန့်သတ်ထိန်းချုပ်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အန္တိမရည်မှန်းချက်ဖြစ်ကြောင်းကို အာဏာသိမ်းစကတည်းက မကြာခဏထုတ်ပြောလေ့ရှိသလို တိုက်ပွဲနဲ့ သဘာဝဘေးအန္တရာယ်တွေကြားမှာပဲ သန်းခေါင်စာရင်းကောက်ယူခဲ့ပါတယ်။