ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က တိုက်ခိုက်မှုတွေ လုပ်နေတာဟာ ကိုယ့်တိုင်းရင်းသားလူမျိုးတွေအပေါ် ကိုယ် သစ္စာဖောက်နေတာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြစ်တင်ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးရင့်ကျက်မှုမရှိဘဲ နိုင်ငံရေးပြဿနာတွေကို လက်နက်ကိုင်နည်းလမ်းတွေနဲ့ လွဲမှားစွာ ဖြေရှင်းနေတယ်လို့လည်း ဇန်နဝါရီ ၁၅ ရက် ကယားပြည်နယ်နေ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က ပြောဆိုလိုက်တာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မေလကတည်းက စစ်ကောင်စီနဲ့ KNDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ထဲမှာတော့ ကရင်နီပြည်နယ်ထဲက စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့လည်း KNDF က ထုတ်ပြန်ပြောဆိုထားပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က အခုရက်သတ္တပတ်အတွင်းမှာပဲ ကရင်နီပြည်နယ်ထဲကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေလုပ်နေသလို ဒီကနေ့ ကယားပြည်နယ်နေ့မှာလည်း ငြိမ်းချမ်းရေးအတွက် သဝဏ်လွှာတွေ ပေးပို့နေပါတယ်။
စစ်ခေါင်းဆောင်ပေးပို့တဲ့ သဝဏ်လွှာမှာတော့ ကယားပြည်နယ်ငြိမ်းချမ်းရေးကို ရှေးရှုကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားကြောင်း ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်မှန်ပြီး ဒီမိုကရေစီပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ လျှောက်လှမ်းဖို့ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်လို့လည်း သဝဏ်လွှာမှာ အလေးပေးဖော်ပြထားတာ တွေ့ရပါတယ်။
တဖက်မှာလည်း ကရင်နီပြည်နယ်နဲ့ ရှမ်း၊ ကယား နယ်စပ်ဘက်ကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲမှာတော့ ပြည်နယ်လူဦးရေရဲ့ တဝက်ကျော်လောက်ဟာ စစ်ဘေး တိမ်းရှောင်နေရပါတယ်။