နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆံဥုညှိနှိုင်းဖို့ စစ်ကောင်စီဦးဆောင်ပြုလုပ်တဲ့ ၇၇ နှစ် မြောက် ကချင်ပြည်နယ်နေ့မှာ စစ်ကောင်စီခေါင်းဆောင်က သဝဏ်လွှာပေးပို့ စည်းရုံးခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။
နိုင်ငံရေးအရ၊ တိုင်းရင်းသားအရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲတာတွေ လျော့နည်းပပျောက်စေပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီလွှတ်တော်လမ်းကြောင်းပေါ်ကို ရောက်ရှိအောင်ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုအပ်တယ်လို့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားကိုပို့တဲ့ အဲဒီသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အဲဒါမှပဲ နိုင်ငံရးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်မှာဖြစ်ပြီး အောင်မြင်မှုရရှိမယ်လို့လည်း စည်းရုံး ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်နေ့အခမ်းအနားကို အရင်က စီတာပူမနောကွင်းမှာ ပြုလုပ်လေ့ရှိပေမယ့် အခုက နေရာအသစ်မှာ မနောတိုင်အသစ်စိုက်ထူကာ အဲဒီနေရာမှာ ပြုလုပ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“စည်းရုံးရေးဝင်တာ။ အကုန်လုံးက သွားချင်လို့သွားတာ မဟုတ်ဘူး။ စစ်ကောင်စီထိန်းချုပ်တဲ့ နေရာမှာနေနေတော့ မသွားချင်လည်း သွားရတယ်။ အတင်းအဓ္ဓမပုံစံလေ။ မလာမနေရ ဖိအားပေးပြီး လာခိုင်းတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ အာဏာမသိမ်းခင်က ကချင်ရိုးရာ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဦးစီးဦးဆောင်ပြီး ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုမနောအက ကကြတာဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မနောအကြောင်းနားမလည်တဲ့ စစ်ကောင်စီကပဲဦးဆောင်ပြီး ပိုင်စိုးပိုင်နင်းလုပ်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မနောအကကို လွတ်လွတ်လပ်လပ်ကျင်းပလို့မရဘဲ မနောအကနဲ့ဘာမှမဆိုင်တဲ့ စစ်ကောင်စီက ဦးဆောင်ပြုလုပ်လာတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်နေ့မှာ ကချင်လူမျိုးများ စစ်ပွဲအောင်မြင်တဲ့အချိန် အောင်ပွဲခံတဲ့အနေနဲ့ဆင်နွှဲတဲ့ ပဒန်မနောင် (Padang Manau) ကိုလည်း ထည့်သွင်းခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဒီနှစ်က သူတို့ရဲ့ခေါင်းစဉ်တောင် ပဒန်မနောင် လို့ ပြောတယ်။ ဘယ်လို အဓိပ္ပာယ်ယူလဲတော့ မသိဘူး။ မနှစ်တုန်းကဆိုရင် အဲလိုတွေမပြောဘူး။ ပြီးတော့ ခေါင်းစည်း ဆိုင်းဘုတ်မှာ ကချင်စာ လုံးဝမသုံးဘူး။ မြန်မာလိုပဲ သုံးထားတယ်” လို့ သူက ပြောပါတယ်။
မနောအကကတဲ့ သူတွေကတော့ မြစ်ကြီးနားနဲ့ ကချင်ပြည်နယ်မှာ ရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
မြစ်ကြီးနားတမြို့လုံး ရဲတွေနဲ့ လုံခြုံရေးတင်းကျပ်ထားပြီး ဒီနှစ်မှာ ထူးထူးခြားခြား စစ်ကောင်စီက ပိုပြီး ကြောက်တဲ့ပုံစံတွေ့ရသလို အနီးနားတွေမှာ၊ လမ်းဘေးတွေမှာ ဘန်ကာကတုတ်ကျင်းတွေ တူးပြီးတော့ မြို့တော်ခန်းမပတ်လည်မှာလည်း အုတ်တံတိုင်းတွေကို နဂိုထက်ပိုမြှင့်ပြီး ကာထားတယ် လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက် ကချင်ပြည်နယ်ကောင်စီ ညီလာခံရဲ့ ပထမဆုံးညီလာခံအစည်းအဝေးမှာ ကချင်ပြည်နယ်အစိုးရဖွဲ့စည်းခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။