Home
မြန်မာသတင်း
ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
DVB
·
January 10, 2025
Photo-belta

မြန်မာအာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး မက်ခ်ဇင် ရိုင်ဇန်ကော့ဗ်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူး ပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း Belta News သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၉ ရက် တွေ့ဆုံမှုမှာ မင်းအောင်လှိုင်က ဘယ်လာရုစ် ကိုယ်စားလှယ်အဖွဲ့ရဲ့ အလည်အပတ်ခရီးစဉ်ကို ကြိုဆိုခဲ့ပြီး ဘီလာရုစ်နိုင်ငံနဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး ဖော်ဆောင်ဖို့ ကတိကဝတ်ကို ထပ်မံ အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုအာဘော် နိုင်ငံပိုင်သတင်းတွေမှာတော့ တွေ့ဆုံပွဲကို စစ်ကောင်စီ ထိပ်ပိုင်းရာထူးတွေ ယူထားကြတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး ညိုစောတို့နဲ့အတူ စစ်ကောင်စီခန့် ဝန်ကြီးတွေ တက်ရောက်ခဲ့တဲ့အကြောင်း ဝေဝေဆာဆာ ဖော်ပြထားတာပါ။

ဒါ့အပြင် ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေ၊ သံတမန်ဆက်ဆံရေးနဲ့ ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်ရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေး စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့အပါအဝင် ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး Belta News မှာတော့ မြန် မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းတစုံတရာ ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။

ဘယ်လာရုစ်နိုင်ငံဟာ အရှေ့ဥရောပဒေသတွင်း ကုန်းတွင်းပိတ် နိုင်ငံတနိုင်ငံဖြစ်ပြီး ရုရှား၊ ယူကရိန်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေကာ ၁၉၉၁ ခုနှစ်မတိုင်ခင်အထိ အရင် ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုဟာလည်း နိုင်ငံကို ၁၉၉၄ ခုနှစ်ကတည်းက အုပ်ချုပ်နေတာဖြစ်ကာ ဒီနိုင်ငံကို ဥရောပရဲ့ “နောက်ဆုံးအာဏာရှင်နိုင်ငံ”လို့ သိကြသလို ဘယ်လာရုစ်အစိုးရဟာ နိုင်ငံသားလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာတွေ၊ မီဒီယာတွေကို တင်းကျပ်တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံထားရတဲ့ နိုင်ငံလည်း ဖြစ် ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း ၂၀၂၃ ခုနှစ်ထဲမှာ ဘယ်လာရုစ်မှာ တိုးချဲ့ ဖွင့်လှစ်ထားသလို ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ရှုတ်ချဖို့ ကုလသမဂ္ဂရဲ့ အဆိုကို မထောက်ခံဘဲ ဆန့်ကျင်မဲပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လေ့လာစောင့်ကြည့်သူတွေရဲ့ အဆိုအရ ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေရောင်းချနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013