မလေးရှားက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မလေးရှားနိုင်ငံ၊ ကေဒါပြည်နယ်၊ လန်ကာဝီမြို့မှာ စတင်ကျင်းပနေတာမှာ မြန်မာ့နိုင်ငံအရေးနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
လန်ကာဝီမြို့မှာ ဇန်နဝါရီ ၁၈ ရက်က စတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ ဖွင့်ပွဲနဲ့အတူ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ကို တရားဝင်စတင် ထမ်းဆောင်လိုက်တာ ဖြစ်ပါတယ်။
ဇန်န၀ါရီ ၁၉ ရက်အထိ ကျင်းပမယ့် ဒီဆွေးနွေးပွဲဟာ အခုနှစ်မှာ မလေးရှားနိုင်ငံရဲ့ ဒေသတွင်းအစု အဖွဲ့အပေါ် ဦးဆောင်မှုအောက်မှာ ဆက်တိုက်ကျင်းပတဲ့ အဆင့်မြင့်အစည်းအဝေးတွေထဲမှာ ပထမဆုံး ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံ ပဋိပက္ခ အကျပ်အတည်းကိစ္စ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်လို့ အမြင်ချင်းဖလှယ် ဆွေးနွေးကြမယ်လို့ မလေးရှားနိုင်ခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပထဝီနိုင်ငံရေး တင်းမာမှုတွေနဲ့ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို သက်ရောက်မှုရှိစေတဲ့ တခြားစိန်ခေါ်မှု အကြောင်းအရာတွေကိုလည်း ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးတွေဟာ အာဆီယံအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေကိုလည်း နှစ်နိုင်ငံချင်း သီးခြားတွေ့ဆုံ ဆွေးနွေးကြဖို့လည်း ရှိပါတယ်။
ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေအတွက် အရေးပါတဲ့ ဒီဆွေးနွေးပွဲတွေမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက အကြီးတန်းအရာရှိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တက်ရောက်နေတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲရဲ့ တစိတ်တပိုင်းအနေနဲ့ ကျင်းပတဲ့ အာဆီယံအကြီးတန်း အရာရှိတွေရဲ့ ဆွေးနွေးပွဲမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဌာနက အဆင့်မြင့် အရာရှိတယောက် ပါဝင် တက်ရောက်ဆွေးနွေးတာ တွေ့ရပါတယ်။