မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားချင်း စကားများ ရန်ဖြစ်ရာကနေ ဓားထိုးမှုဖြစ်ခဲ့ပြီး ထွက်ပြေးတရားခံအမျိုးသားကို ရဲတပ်ဖွဲ့က ရှာဖွေနေတဲ့အကြောင်း Malay Mail သတင်းမှာ ဇန်နဝါရီ ၁၂ ရက်က ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဖြစ်ပွားခဲ့ကာ ဆဘရိုင်ပရိုင် ဆယ်လတန်ခရိုင် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါမြန်မာနိုင်ငံသား ၂ ဦးဟာ ည ၉ နာရီခွဲလောက်က ဆီအုန်းစိုက်ခင်းထဲမှာ အရက်မူးနေချိန် အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း ကနဦး စုံစမ်းမှုတွေအရ သိရတယ်လို့ ဖော်ပြပါတယ်။
“တရားခံက အခင်းဖြစ်တဲ့နေရာမှာ ဓားနဲ့ထိုးခဲ့တာ ဖြစ်ပါတယ်။ ဓားထိုးခံရသူကို သူငယ်ချင်းတွေက တွေ့ရှိခဲ့ပြီး ဆေးရုံဆီ ပို့ဆောင်ထားပါတယ်။”
လတ်တလောမှာတော့ အခင်းဖြစ်ရာနေရာမှာ ဆက်စပ်နေတဲ့ တရားခံရဲ့ အလုပ်ရှင်ဖြစ်သူကို ရဲတွေက စုံစမ်းစစ်ဆေးရေးမှု ကူညီဆောင်ရွက်ပေးဖို့ ထိန်းသိမ်းထားပြီး အမှုကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဓားထိုးခံရသူ မြန်မာအမျိုးသားကတော့ ခန္ဓာကိုယ်နေရာအနှံ့ ဒဏ်ရာတွေ ရရှိထားသလို ဆေးရုံမှာ ဆေးဝါးကုသမှုတွေ ဆက်လက်ခံယူနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Source: Malay Mail