ထိုင်းနိုင်ငံမှာ အလုပ်သမား ၆ ယောက်နဲ့ လူကုန်ကူးသူ မြန်မာနိုင်ငံသား အမျိုးသား ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီမှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့ရဲ့ ပစ်ကပ်ထရပ်ကား နောက်ဘက်မှာ ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကိုပါ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ရဲတွေကတော့ ဖမ်းမိသူတွေဟာ အသက် ၄၄ နှစ်အရွယ် သန်းဝင်းနဲ့ ၂၇ နှစ်အရွယ် မိုင်တို့ ဖြစ်တယ်လို့ ပြောပါတယ်။
ကားနောက်ခန်းမှာ ပုန်းအောင်းလိုက်ပါလာသူ ၆ ယောက်ထဲမှာတော့ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၅ ယောက် ပါဝင်ပြီး သူတို့မှာ တရားဝင်အထောက်အထား စာရွက်စာတမ်းတစုံတရာ မပါရှိကြဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာတော့ စစ်အာဏာသိမ်းမှုတွေကြောင့် အလုပ်အကိုင်ရှားပါးမှု ပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသူတွေဟာ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
Source: Bangkok Post