Home
မြန်မာသတင်း
တရုတ်မင်းသားဝန်ဇင်းအမှုနှင့် ဆက်နွှယ်သူကို  ဖမ်းဆီး စစ်ဆေးနေ
DVB
·
January 29, 2025
Photo-SCMP

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းတခုဆီ လူကုန်ကူးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ တရုတ်သရုပ်ဆောင်မင်းသား ဝန်ဇင်းရဲ့ အမှုကိစ္စနဲ့ ဆက်စပ်သံသယရှိသူတယောက်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ South China Morning Post သတင်းမှာ ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြပါတယ်။

ဒီဖမ်းဆီးမှုကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့ အစည်းတွေရဲ့ ပူးပေါင်းမှုနဲ့ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကာ သံသယရှိသူဟာ ပြီးခဲ့တဲ့ စနေနေ့ ညပိုင်းမှာ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီလို့ ထိုင်းပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ် သရုပ်ဆောင်မင်းသား ဝန်ဇင်းဟာ  ၂၀၂၄ နှစ် ဒီဇင်ဘာလကုန်ပိုင်းက ထိုင်းနိုင်ငံမှာ ရုပ်ရှင်လာရောက်ရိုက်ကူးပေးဖို့နဲ့ ဖျော်ဖြေတင်ဆက်ပေးဖို့ ထိုင်းအနုပညာ ကုမ္ပဏီတခုရဲ့ကမ်း လှမ်းတာကို ခံခဲ့ရလို့  ရုပ်ရှင်ရိုက်ကူးရေးကိစ္စနဲ့ ထိုင်းနိုင်ငံကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ခု ဇန်နဝါရီ ၃ ရက်မှာတော့ ပေကျင်းမြို့၊ ဖူတုံလေဆိပ်ကနေ ထိုင်းနိုင်ငံ ဘန် ကောက်သုဝဏ္ဏဘုမိလေဆိပ်ကို ရောက်လာခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ကိုရောက်သွားခဲ့ကာ လုံးဝအဆက်အသွယ်ပြတ် တောက်သွားခဲ့တာပါ။

ဒါကြောင့် သူ့ချစ်သူမိန်းကလေးက စိတ်ပူသွားပြီး ရှန်ဟိုင်းပြည်သူ့လုံခြုံရေးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက် တရုတ်နိုင်ငံသံရုံးကိုလှမ်းပြီး အကူအညီတောင်းခဲ့သလို သူကိုယ်တိုင် သူငယ်ချင်းတွေနဲ့အတူ ဘန်ကောက်ကို ရောက်ရှိလာကာ နီးစပ်ရာရဲစခန်းမှာ လူပျောက်တဲ့အကြောင်း တိုင်ကြားခဲ့ပါတယ်။

အဲဒီနောက်မှာ ဝန်ဇင်းကို  မြန်မာဘက်ခြမ်းက ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတခုမှာ လူကုန်ကူးခံခဲ့ရတာကို သိရှိရပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကူညီရှာဖွေမှုနဲ့  ပြန်တွေ့ခဲ့ကာ မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ပြန်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

ခုလတ်တလော အဆိုပါ အမှုအပါအဝင် တခြားသော ဆက်စပ်ရာဇဝတ်မှုတွေနဲ့ သံသယရှိသူ ရန်အမည်ရတဲ့ တရုတ်အမျိုးသားကို  ဖမ်းဆီးထားပြီး ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာနဲ့ အသေးစိတ် အခြေအနေတွေကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ “အများပြည်သူလုံခြုံရေး အာဏာပိုင်တွေက ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ အစွမ်းကုန် လုပ်ဆောင်နေပါတယ်” လို့ ဖော်ပြပါတယ်။

အင်တာနက်လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ “ရန်ရှီးလျူ” လို့ လူသိများတဲ့ ရန်ဟာ ပြီးခဲ့တဲ့ လတွေအတွင်းမှာ သရုပ်ဆောင်တွေ၊ မော်ဒယ်တွေနဲ့ ထုတ်လုပ်ရေး အဖွဲ့သားတွေအတွက် WeChat ဂရုတွေထဲမှာ စုဆောင်းတဲ့ ကြော်ငြာတွေ လွှင့်တင်ခဲ့တယ်လို့လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပူးတွဲနှိမ်နင်းရေးအတွက် တရုတ်နဲ့ ထိုင်းတာဝန်ရှိသူတွေ စီစဉ်နေကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းရေးအတွက် တရုတ်ပြည်သူ့လုံခြုံရေးဌာနက အဖွဲ့တဖွဲ့ စေလွှတ်ထားပြီး အဆိုပါအဖွဲ့က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ တွေ့ဆုံခဲ့သလို ဒုဝန်ကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ ဟာ နယ်စပ်အခြေအနေကို သွားရောက်လေ့လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ထရာကလည်း လာမယ့်သီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေပြီး ဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံကာ ကျားဖြန့်ငွေလိမ် ရာဇဝတ်ဂိုဏ်တွေကိစ္စ ဆွေးနွေးမယ်လို့ ပြောလိုက်ပါတယ်။

ဒီခရီးစဉ်ကိုတော့ ဖေဖော်ဝါရီ ၅ ရက်ကနေ ၈ ရက်အထိ သွားရောက်ဖို့ စီစဉ်ထားကာ ထိုင်းနိုင်ငံအတွင်း ခရီးသွားဧည့်သည်တွေ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Source: SCMP/ Khaosod 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013