တောင်ကိုရီးယားနိုင်ငံတွင်း လုပ်ငန်းလည်ပတ်နေတဲ့ ဘိုးရင်း 737-800 လေယာဉ်အားလုံးကို အထူးစစ်ဆေးရာမှာ ပြဿနာတစုံတရာတွေ့ရင် ချက်ချင်း အရေးယူရမယ်လို့ တောင်ကိုရီးယား ယာယီသမ္မတ ချွဲဆန်းမော့က ဇန်နဝါရီ ၂ ရက်မှာ ပြောလိုက်ပါတယ်။
တောင်ကိုရီးယား အာဏာပိုင်တွေက လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းရေး အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာ ခုလို ပြောလိုက်တာပါ။
ဂျဲဂျူအဲရ် လေကြောင်းလိုင်းက လေကြောင်းခရီးစဉ်အမှတ် 7C2216 ဖြစ်တဲ့ လေယာဉ်ဟာ တောင်ကိုရီးယား အနောက်တောင်ဘက် မွမ့် နိုင်ငံတကာလေဆိပ်ဆီ ဆင်းသက်ချိန်မှာ မြေကြီးနဲ့ ကွန်ကရစ်တာတမံတခုကို တိုက်မိအပြီး မီးလောင်ပေါက်ကွဲသွားခဲ့တာပါ။
ပျက်ကျလေယာဉ်ရဲ့ လေယာဉ်မောင်းခန်းထဲက အသံဖမ်းစက်ကနေ ရထားတဲ့ ဒေတာကို အသံဖိုင် ပြောင်းတဲ့အလုပ်က ဇန်နဝါရီ ၃ ရက်မှာ အပြီးသတ်သင့်တယ်လို့ ချွဲက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစည်းအဝေးထဲမှာ ပြောခဲ့ပါတယ်။
လေယာဉ်ပျက်ကျချိန် နောက်ဆုံးမိနစ်မှာ ဖမ်းယူထားတဲ့ အချက်အလက်တွေဟာ အရေးကြီးတဲ့ အချက်အလက်တွေကို ပေးစွမ်းနိုင်တယ်လို့လည်း သူကပြောပါတယ်။
လေယာဉ်ပေါ် ပါတဲ့ ခရီးသည် ၁၇၅ ယောက်စလုံးနဲ့ အမှုထမ်း ၆ ယောက်ထဲက ၄ ယောက် သေဆုံးခဲ့ပါတယ်။
လေယာဉ်အမြီးနားမှာ ရှာတွေ့တဲ့ လေယာဉ်မယ် ၂ ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
Source : Reuters